တောင်သူတွေရဲ့ ပဲစင်းငုံကို အစိုးရက ဝယ်ယူပေးရန်စီစဉ်နေ

ဦးခမ်လျန်စွမ်း (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))
မြန်မာနိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတို့ အကြားပဲဝယ်ယူရေး စာချုပ် ပျက်ပြယ်သွားတဲ့အတွက် ဒေသထွက်ပဲတွေ ဈေးမရရှိတဲ့အတွက် မတ်ပဲ နဲ့ ပဲတီစိမ်းအပြင် ပဲစေးငုံ ကို အစိုးရဖက်က ငွေကြေးစိုက်ထုတ်ပြီးဝယ်ယူပေးဖို့အတွက် စီစဉ်နေတယ်လို့သိရပါတယ်။

ဦးခမ်လျန်စွမ်း စားသုံးသူရေးရာ ဦးစီးဌာန (ပြည်နယ်ဦးစီးမှူး)
“ဒါ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖြစ်ခဲ့တဲ့ ပြသာနာပေါ့ ဆိုတော့ ဒါ ကျနော့်တို့ ကယားပြည်နယ်အနေနဲ့ ဒါနှစ်မျိုးကတော့ မတ်ပဲကတော့ ကယားပြည်နယ်မှာတော့ မစိုက်ဘူး ပဲတီစိမ်းက ပြီးခဲ့တဲ့ရာသီမှာ ထွက်သွားပြီ ဒါကတော့ လွတ်သွားပြီပေါ့ အခုက လာမဲ့ တလနှစ်လဆို ပဲစင်းငုံက ထွက်တော့မယ် ပဲစင်းငုံ ပြည်နယ်အနေနဲ့ ဒါက ဂယက်ထသွားမှာပဲ ဒါပြင်ဆင်တာပေါ့နော”

ပြည်နယ်အစိုးရ ကဖွဲ့စည်းပေးထားတဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေး နဲ့ အကျိုးစီးပွားမြင့်တင်ရေးလုပ်ငန်းအဖွဲ့ ကယား(ကရင်နီ)ပြည်နယ် ထွက် ပဲစင်းငုံကို ဝယ်ယူပေးဖို့ နဲ့ သိုလှောင်ဖို့နေရာတွေကို ဖန်တီးပေးထားဖို့ ဆုံးဖြတ်ချက်တွေကို ချထားတာရှိတယ်လို့လည်းဆိုပါတယ်။

ဦးခမ်လျန်စွမ်း
“စားသုံးသူရဲ့ ဦးစီးဌာနက ဂိုဒေါင်အနေနဲ့ ကျနော်တို့ ထားလို့ရတယ် တလုံးတော့ ရှိတယ် အဲ့တစ်လုံးတောင်မှ ကျနော်တို့ ပြင်ဆင်ရမယ် ပြင်ဆင်ဖို့တော့ ကျနော်တို့ တင်ပြပြီး တန် ၇၀၀ ဘဲ ဆန့်မှာပေါ့နော် ဆိုတော့ အဲ့မာ ဘာဆုံးဖြတ်လဲဆိုတော့ တန် ၇၀၀ ဘဲ ဝယ်ဖို့ပေါ့နော် ဒါ ကျနော့်တို့ ပြည်နယ်အနေနဲ့ ဝယ်ဖို့ မဖြစ်မနေဝယ်မယ်ဆိုရင် တန် ၇၀၀ လောက်ဘဲ ဒါကျနော်တို့ ကန့်သတ်ထားတာ အဖြေတစ်ခုပေါ့”

စားသုံးသူရေးရာဦးစီးဌာနက တောင်သူတွေဆီက ရတဲ့ ပဲစင်းငုံ စိုက်ဧကအပေါ်မူတည်ပြီး တွက်ချက်ရာမှာ ပဲစင်ငုံတန်ချိန် ၂၅၀ ဝန်းကျင်သာထွက်ရှိနိုင်တယ်လို့ ဆိုထားပါတယ်။ဒါပေမဲ့ တောင်သူတွေတကယ်တန်း စိုက်ထားတဲ့ ဧကဟာ ဒီထက်များနိုင်တာဖြစ်လို့ ပဲစင်းငုံ ထွက်မယ့်တန်ချိန်ဟာလည်း ပိုများနိုင်တယ်လို့ ဦးခမ်လျန်စွမ်းကဆိုပါတယ်။
အစိုးရက ဝယ်ယူမယ်လို့ဆိုထားပေမဲ့ ဝယ်ယူမယ့်ဈေးနှုန်းကို တော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
ဦးခမ်လျန်စွမ်း
“ဈေးနှုန်းအနေနဲ့ကျတော့ အချိန်တန်ရင် ကြေငှာမှာပါ တကယ် ဝယ်မယ်ဆိုရင် တကယ်ဝယ်မဲ့ အချိန်အခါတွေကျတော့ ဒါ မီဒီယာဆိုင်းကရော ကြော်ငြာတင်ပုန်းရော ကျနော်တို့ အားလုံးကြော်ငြာပြီး တင်ပြပေးသွားမှာပါ ခုလောလောဆယ်တော့ ဈေးနှုန်းတော့ မပြောပါစေနဲ့အုန်း”

ယခင်နှစ်လက်ကျန် ပဲစင်ငုံတွေကို အရောင်းဈေးက တပိဿာ ၃၀၀ ဝန်းကျင်သာရှိနေပြီးတော့ လက်ရှိမှာ ဝယ်ယူမယ့်သူတောင် မရှိဘူးလို့ လောပိတတောင်သူတဦးကဆိုပါတယ်။

ကယား(ကရင်နီ) ပြည်နယ်မှာ ပဲစင်းငုံတွေကို လောပိတ၊ လွိုင်လင်၊ ထီးစခန်းဖက်ကတောင်သူတွေက အများဆုံးစိုက်ပျိုးကြတယ်လို့သိရပါတယ်။

ကန္တာရဝတီတိုင်း မ်
http://www.kantarawaddytimes.org
တောင်သူတွေရဲ့ ပဲစင်းငုံကို အစိုးရက ဝယ်ယူပေးရန်စီစဉ်နေ  တောင်သူတွေရဲ့ ပဲစင်းငုံကို အစိုးရက ဝယ်ယူပေးရန်စီစဉ်နေ Reviewed by THITHTOOLWIN on 11:18 Rating: 5
Powered by Blogger.