နိုင်ငံခြားသား ဧည့်လမ်းညွှန်သုံးစွဲမှု စိစစ်ဖို့ အကြံပြု

နိုင်ငံခြားခရီးသွား လာရောက်လှည့်ပတ်မှုများတဲ့ မန္တလေးက ရွှေကျောင်း
မြန်မာနိုင်ငံမှာ ဧည့်လမ်းညွန်တွေရှိနေပါလျက်နဲ့ နိုင်ငံတချို့က ခရီးသွားကုမ္ပဏီတွေဟာ မြန်မာပြည်ခရီးစဉ်အတွက် သူတို့နိုင်င်ငံသား ဧည့်လမ်းညွန်တွေသုံးလာတဲ့အတွက် မြန်မာဧည့်လမ်းညွန်တွေ နစ်နာမှုတွေ ရှိနေပါတယ်။

ဒါ့အပြင် ခေါ်လာတဲ့ နိုင်ငံခြားသား ဧည့်လမ်းညွှန်တွေအနေနဲ့ ပြည်တွင်းက နေရာဒေသအလိုက် သမိုင်းကြောင်းတွေကို ကောင်းမွန်စွာ နားလည်မှု မရှိတာကြောင့် ခရီးသွားတွေကို ရှင်းပြတဲ့ အခါ သမိုင်းဆိုင်ရာလွဲချော်မှုတွေရှိနေပြီး နိုင်ငံခြားသားဧည့်လမ်းညွန်တွေကို စိစစ်ဖို့ မြန်မာနိုင်ငံဧည့်လမ်းညွန်အသင်းက ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနကို အကြံပြုထားပါတယ်။

ဒေသအလိုက်နဲ့ နိုင်ငံသား ဧည့်လမ်းညွှန်တွေ အခွင့်အရေးရရှိစေရေးနဲ့ နိုင်ငံသား ဧည့်လမ်းညွှန်တွေရဲ့ အကျိုးစီးပွား ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး အကြံပြုရတာလို့ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း ဥက္ကဌ ဦးအောင်ထွန်းလင်းက ဘီဘီစီကို ပြောပါတယ်။

ဥပမာအားဖြင့် နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းက မန္တလေး အမရပူရ မဟာဂန္ဓာရုံကျောင်းမှာ ကိုးရီးယား ခရီးသွားအုပ်စုတစုတွေ့ခဲ့ပြီး ဧည့်လမ်းညွှန်ကအစ ကိုးရီးယားဖြစ်နေတာ တွေ့ရတယ်လို့ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

အဲဒီလို နိုင်ငံခြားသား ဧည့်လမ်းညွှန် အသုံးပြုတဲ့ ခရီးစဉ်တွေမှာ ခရီးစဉ်စီစဉ်ရှင်းပြသူဟာ ဧည့်လမ်းညွှန်အမည်ခံတာမျိုးတော့ မဟုတ်ပဲ ခရီးသွားစဉ်အဖွဲ့ခေါင်းဆောင် အဖြစ်သာ နာမည်ခံကြသာတွေ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာဆိုရင် အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ထိုင်းနိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားတွေက အုပ်စုလိုက် ရှင်းပြတာမျိုး လုပ်ခွင့် မရှိပါဘူး။

ဥပမာအားဖြင့် ထိုင်းစကားတတ်တဲ့ မြန်မာတယောက်ကနေ မြန်မာခရီးသွားတွေကို မြဘုရားခေါ်သွားတယ်ဆိုရင် အများပြည်သူနဲ့ ဆိုင်တဲ့ ဧရိယာမှာ မြန်မာခရီးသွားတွေကို အဲဒီ မြန်မာ ဧည့်လမ်းညွှန်ကနေ ရှင်းပြပြောဆိုတာတွေ လုပ်ခွင့်မရှိဘူးလို့ ဦးအောင်ထွန်းလင်းက ထောက်ပြပါတယ်။

၂၀၁၂ ခုနစ်ကလည်း အဲဒီလို အကြံပြုခဲ့ဖူးပြီး ခရီးသွားလုပ်ငန်းတွေအနေနဲ့ ဧည့်လမ်းညွှန်တွေ ပြန်လည်အသုံးပြုတာတွေ ရှိပေမဲ့ အင်္ဂလိပ်မဟုတ်တဲ့ အခြားဘာသာစကား အခြေပြု ဧည့်လမ်းညွှန်တွေ ( ဂျာမန် ၊ ပြင်သစ် ၊ စပိန် ၊ ထိုင်း ဘာသာစကား အခြေပြု ဧည့်လမ်းညွှန် စသဖြင့် ) နဲ့ ဒေသအလိုက် အခြေစိုက်တဲ့ ဧည့်လမ်းညွှန်တွေကို အသုံးပြုတာမျိုးတွေ မရှိပဲ ကုမ္ပဏီနဲ့ စာချုပ်ထားတဲ့ ဧည့်လမ်းညွှန်တွေကိုသာ သုံးခဲ့တာ တွေ့ရပြီး ဧည့်လမ်းညွှန်အတွက် စားရိတ်စက လျှော့ချချင်တဲ့ သဘောတွေ့ရတယ်လို့ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

နိုင်ငံခြားသား ဧည့်လမ်းညွှန်ခေါ်လာလေ့ရှိတဲ့ ခရီးသွားတွေထဲမှာ ကိုးရီးယားခရီးသွားလုပ်ငန်းတွေက အများစုဖြစ်နေပြီး ကိုးရီးယားလူမျိုးတွေက ကိုင်တွယ်ရခက်တဲ့အတွက် ကိုးရီးယား လူမျိုးဧည့်လမ်းညွှန်နဲ့မှ အဆင်ပြေတယ်ဆိုတဲ့ အကြောင်းပြချက်တွေကို ခရီးသွားလုပ်ငန်းတွေက ပေးလေ့ရှိတယ်လို့ ဦးအောင်ထွန်းလင်းက ဆိုပါတယ်။

သမိုင်းအချက်အလက်ဆိုတာ စာအုပ်စာတမ်းဖတ်ရင် သိနိုင်ပေမဲ့ အခုလို မြန်မာ့နိုင်ငံရေး ရှုပ်ထွေးလာချိန်မှာ မြန်မာအကြောင်းကောင်းကောင်းမသိပဲ ရှင်းပြပြောဆိုခဲ့ရင် နိုင်ငံအပေါ် အထင်အမြင်လွှဲမှားမှုတွေ ပိုပြီးဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
နိုင်ငံခြားသား ဧည့်လမ်းညွှန်သုံးစွဲမှု စိစစ်ဖို့ အကြံပြု နိုင်ငံခြားသား ဧည့်လမ်းညွှန်သုံးစွဲမှု စိစစ်ဖို့ အကြံပြု Reviewed by THITHTOOLWIN on 18:53 Rating: 5
Powered by Blogger.