တနင်္သာရီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ (၃)ဦးသေဆုံး

တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ (၃)ဦးသေဆုံး
မြိတ် နိုဝင်ဘာလ ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် – ၇၁/၂ ဖာလုံ၌ နိုဝင်ဘာလ ၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကျောက်တင်ကားနှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ရာမှ အမျိုးသားတစ်ဦးနှင့် ကျောင်းသား (၂)ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့မ ရဲစခန်းထံမှ သိရသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာလ ၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်က နေမင်းနိုင် (၃၂)နှစ်၊ ယာဉ်မောင်း၊ သုခ(၆)လမ်း၊ တိုးချဲ့ရပ်ကွက်၊ မြိတ်မြို့နေသူသည် ယာဉ်အမှတ် – TNI – 3I /---- အဝါရောင်ခြောက်ဘီးတပ် ကျောက်တင်ယာဉ်အား တနင်္သာရီမြို့ဘက်မှ ပွိုင့် ၁၀၂၀ ဘက်သို့မောင်းနှင်လာစဉ် ချောင်းလမုကျေးရွာ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် – ၇၁/၂ ဖာလုံ အရောက်တွင် မျက်နှာချင်းဆိုင်မှ Wave –I အမျိုးအစား၊ အပြာရောင် ဆိုင်ကယ်အား အောင်မျိုးသူ (ခ) သားကြီး၊ (၃၂)နှစ်၊ ဥယျာဉ်ခြံလုပ်၊ ချောင်းလမုကျေးရွာနေသူမောင်းနှင်ပြီး ဆိုင်ကယ်၏အနောက်တွင် သမီးဖြစ်သူ မဝိုင်းစံပယ်ဖူး (၉)နှစ်၊ ဒုတိယတန်း၊ သားဖြစ်သူ မောင်ကြည်သူစိုး (၆)နှစ်၊ (KG) အလက-ချောင်းလမုတို့အား တင်ဆောင်ပြီး ချောင်းလမုကျေးရွာ ရွာလယ်ပိုင်းမှ ချောင်းလမုကျေးရွာ အလက စာသင်ကျောင်းသို့ မောင်းနှင်လာစဉ် နေမင်းနိုင်မောင်းနှင်သော ကျောက်တင်ကားနှင့် မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အောင်မျိုးသူတွင် ဝဲယာ ခြေကျိုး၊ ရင်ဘတ်ပွန်းပဲ့၊ အောက်မေးပေါက်ပြဲဒဏ်ရာ တို့ရရှိပြီး၊ ဆိုင်ကယ်အနောက်မှစီးနှင်းလိုက်ပါလာသူ မဝိုင်းစံပယ်ဖူးတွင် ဝဲဘက်ခြေသလုံးကျိုး၊ ပါးစပ်သွေးထွက်နှင့် မောင်ကြည်သူစိုး တွင် ဝဲဘက်လက်မောင်းရိုးကျိုး၊ ဝဲဘက်တင်ပါးပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးယိုစီး ဒဏ်ရာနှင့် ဝမ်းဗိုက်ပွန်းပဲ့ဒဏ်ရာတို့ရရှိပြီး အခင်းဖြစ်နေရာ၌ (၃)ဦးစလုံးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူအလောင်းများအား တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့်ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ နေမင်းနိုင်နှင့် အောင်မျိုးသူ တို့အား တနင်္သာရီမြို့မ ရဲစခန်းကအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မြင့်ဦး(မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တနင်္သာရီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ (၃)ဦးသေဆုံး တနင်္သာရီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ (၃)ဦးသေဆုံး Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.