ငါးကန်ပိုင်ရှင်အား သတ်ရန်လာစဉ် လမ်းမှာတွေ့သည့် ငါးကန်လုပ်သား ၂ ဦးအား ခေါင်းဖြတ်သတ်မှု မအူပင်မြို့နယ်တွင် ဖြစ်ပွား

လူသတ်​မှု ကျူးလွန်​သူ ကိုစိမ်းညို ။ ဓါတ်ပုံ - Kaung Myat (fb)
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တလုတ်လပ်အနောက် ၄ မိုင်ကျေးရွာတွင် နိုဝင်ဘာ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်က ငါးကန်လုပ်သား ၂ ဦးကို ခေါင်းဖြတ်သတ်ခဲ့သည့် လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မအူပင်မြို့မ ရဲစခန်းမှ သိရှိရသည်။

 တလုတ်လပ်အနောက် ၄ မိုင်ကျေးရွာတွင် နေထိုင်သည့် ဦးစိမ်းညိုသည် ၎င်းလုပ်ကိုင်နေသည့် ငါးကန်နှင့် ကပ်လျက်ငါးကန်ပိုင်ရှင်နှင့် အမှုအခင်းဖြစ်ပွားခဲ့သည်ကို မကျေနပ်သဖြင့် သတ်ရန်သွားရာ လမ်းခုလတ်တွင် အိုင်ပတ်နေသည့် ငါးကန်လုပ်သား ဦးလင်းလင်းနဲ့ ဦးမောင်ထူးတို့နှင့် တွေ့ဆုံပြီး စကားများရာမှ ခေါင်းဖြတ် သတ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းထုတ်ပြန်သည်။
 “ငါးကန်အလုပ်သမား ၂ ယောက်နဲ့ စကားများပြီး လက်ထဲအသင့်ပါလာတဲ့ ကိုင်းခုတ်ဓားနဲ့ ခုတ်ပြီး ခေါင်းဖြတ် သတ်ခဲ့တာပါ။ သတ်ပြီးခေါင်းတွေကို ယူပြီးသခွါးခင်းထဲမှာ သွားပစ်ထားပြီးအိမ်ကို ပြန်သွားတာမှာ ရဲတပ်ဖွဲ့ဝင်တွေက ည ၁၀ နာရီလောက်မှာ ဖမ်းမိခဲ့တာပါ။”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။ဦးစိမ်းညိုအား မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲဝင်များ မအူပင်မြို့မ ရဲစခန်းမှ ဒုရဲမှူး ဝင်းဇော်ဗိုလ် ဦးဆောင်သည့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များက နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မအူပင်မြို့မ ရဲစခန်းမှ သိရသည်။
 “ဖမ်းပြီးကတည်းက အခုချိန်ထိ မူးနေလို့ ဘာကြောင့်သတ်တာလဲဆိုတာ အမူးပြေမှ စစ်လို့ရမယ်။ ဖြစ်တဲ့ နေရာကလည်း လမ်းသွားလမ်းလာ မရှိဘဲ သေတဲ့သူ ၂ ယောက်နဲ့ သတ်တဲ့သူ တစ်ယောက်ပဲရှိနေတာပါ။”ဟု မအူပင်မြို့မ ရဲစခန်း ရဲအုပ်မျိုးဇော်သက်က ပြောသည်။

 ငါးကန်လုပ်သား ၂ ဦးကို ခေါင်းဖြတ်သတ်ခဲ့သည့် ဦးစိမ်းညိုကို မအူပင်မြို့မရဲစခန်းမှ (ပ)၅၄၆/၂၀၁၇ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ငါးကန်ပိုင်ရှင်အား သတ်ရန်လာစဉ် လမ်းမှာတွေ့သည့် ငါးကန်လုပ်သား ၂ ဦးအား ခေါင်းဖြတ်သတ်မှု မအူပင်မြို့နယ်တွင် ဖြစ်ပွား ငါးကန်ပိုင်ရှင်အား သတ်ရန်လာစဉ် လမ်းမှာတွေ့သည့် ငါးကန်လုပ်သား ၂ ဦးအား ခေါင်းဖြတ်သတ်မှု မအူပင်မြို့နယ်တွင် ဖြစ်ပွား Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.