ကျောက်ဖြူစီးပွားရေးဇုန်ကို ဒုသမ္မတ သွားရောက်စစ်ဆေး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ တရုတ်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ CNPC ရဲ့ အကောင်အထည်ဖော်နေတဲ့ ရွှေဂတ်စ်စီမံကိန်းကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ အကောင်အထည်ဖော်နေတဲ့ တရုတ်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ CNPC ရဲ့ စီးပွားရေးစီမံကိန်းလုပ်ငန်းတွေကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဒီကနေ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

CNPC ကုမ္ပဏီဖက်က သူတို့လုပ်ဆောင်နေတဲ့ စီမံကိန်းအခြေအနေတွေကို အစိုးရဆီ ပြသတဲ့သဘောဖြစ်တယ်လို့ ဒု-သမ္မတနဲ့အတူ လိုက်ပါသွားတဲ့ ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောပါတယ်။

"ကျောက်ဖြူ SEZ လုပ်မယ့်နေရာတွေ ရွှေဂတ်စ်နေရာတွေကို သွားကြည့်တာပါ၊ CNPC က သူတို့ လုပ်မယ့်ဟာတွေကို ရှင်းပြတာပေါ့၊ ကျောက်ဖြူမှာ စီမံကိန်းနှစ်ခုရှိတာပေါ့၊ ရေနက်ဆိပ်ကမ်းစီမံကိန်းရယ် အထူးစီးပွားရေးဇုန်စီမံကိန်း၊ ရေနက်ဆိပ်ကန်းစီမံကိန်းမှာ အခုအကြမ်းဖျဉ်းအားဖြင့် ၇၀ ၊ ၃၀ တော့ သဘောတူထားတာတော့ ရှိတယ်ပေါ့၊ မြန်မာဖက်က ၃၀ ပါဗျ"

အရင်က ကျောက်ဖြူရေနက်စီမံကိန်းက ရရှိလာမယ့်အကျိုးအမြတ်ကို မြန်မာဖက်က ၁၅ ရာခိုင်နှုန်း CNPC ဖက်က ၈၅ ရာခိုင်နှုန်းနဲ့ သဘောတူထားခဲ့ပေမယ့် အခုလက်ရှိမှာတော့ မြန်မာဖက်က ၃၀ ရာခိုင်နှုန်းနဲ့ CNPC က ၇၀ ရာခိုင်နှုန်းအဖြစ် ပူးပေါင်းလုပ်ဆောင်ဖို့ အကြမ်းဖျဉ်းအားဖြင့် သဘောတူထားတာဖြစ်ပါတယ်။

ကျောက်ဖြူမှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေ လျော်ကြေးပြဿနာတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုပြဿနာတွေ၊ ဒေသခံတွေ အများစု အလုပ်လက်မဲ့ဖြစ်ကြရတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုပြီး မကြာခဏ ဆန္ဒပြတာတွေလည်း ရှိပါတယ်။

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ ကျောက်ဖြူခရီးစဉ်အတွင်း မဒေးကျွန်းဒေသခံတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံဖို့အစီအစဉ်ရှိတယ်ဆိုပြီး ဌာနဆိုင်ရာတချို့က စီစဉ်ထားပေမယ့် မတွေ့ဖြစ်ခဲ့ဘူးလို့လည်း သိရပါတယ်။

တရုတ်နိုင်ငံက CNPC ကုမ္ပဏီဟာ ကျောက်ဖြူမြို့မှာ ၂၀၁၀ ခုနှစ်ကတည်းက ရင်းနှီးမြုပ်နှံမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျောက်ဖြူစီးပွားရေးဇုန်ကို ဒုသမ္မတ သွားရောက်စစ်ဆေး ကျောက်ဖြူစီးပွားရေးဇုန်ကို ဒုသမ္မတ သွားရောက်စစ်ဆေး Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.