ပုသိမ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းဆီးရမိ


ပုသိမ် ၊ နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၇)ရပ်ကွက်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက ငွေကျပ် (၁၄၄) သိန်းကျော် တန်ဖိုးရှိမူးယစ်ဆေးဝါးများနှင့် (၁)သောင်းကျပ်တန် ငွေစက္ကူ အတုများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ငွေကျပ် (၁၄၄) သိန်းကျော် တန်ဘိုးရှိမူးယစ်ဆေးဝါးများနှင့် ငွေစက္ကူ အတုများကို ပုသိမ်ခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၊ အမှတ် (၄၉)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ ဒုရဲအုပ် ဇော်ဝင်ဌေးနှင့် တပ်ဖွဲ့ဝင်များ၊ ပုသိမ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ နှင့် အမှတ်(၇) နယ်ထိန်း ရဲဒုတပ်ကြပ် ကျော်ဝင်းထွန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဖြစ်စဉ်မှာ - ပုသိမ်မြို့၊ အမှတ်(၇) ရပ်ကွက်၊ ၁၁ လမ်းတွင်နေထိုင်သော ဖြိုးကြီး(ခ) ဇေယျာဖြိုး၏ နေအိမ်အား ပူးပေါင်းအဖွဲ့မှ သက်သေများနှင့် အတူ မူးယစ်ဆေးဝါးရှာဖွေခွင့်ဝရမ်း အမှတ်(၁၅/၂၀၁၇) ဖြင့်ဝင်ရောက် ရှာဖွေရာ ၎င်းအိမ်အတွင်းမှ မူးယစ် ဆေးဝါး (၁၉၁) ပြား၊ တန်ဘိုးငွေ (၉၅၅၀၀ဝိ/)အား ရဲတပ်ဖွဲ့မှ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်ရာမှ ၎င်းမှာလွန်ခဲ့သော (၄) နှစ်မှစ၍ မူးယစ်ဆေးဝါးများကိုသုံးစွဲခဲ့တာဖြစ်ပြီး သုံးစွဲရာတွင်အသုံးပြုသော ဆေးများကို ကမ်းနားလမ်းရှိ “ယွန်းဝတီ"ငါးဒိုင်တွင်သော နေမျိုးသန့် ဆိုသူထံမှ ၀ယ်ယူခဲ့တာ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ထွက်ဆိုချက်အရ ကမ်းနားလမ်းရှိ “ယွန်းဝတီ"ငါးဒိုင်အား ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ မူးယစ်ဆေးဝါးရှာဖွေခွင့်ဝရမ်း အမှတ် (၁၆/၂၀၁၇) ဖြင့်ဝင်ရောက်ရှာဖွေရာ နေမျိုးသန့်အားမတွေ့ရှိရပဲ ၎င်း၏ဇနီးဖြစ်သူ မ၀င်းဝင်းကိုသာတွေ့ရှိရပြီး အိမ်ထဲမှ မြစ်အတွင်းသို့ ဗူး(၁) ဘူး ပစ်ချခဲ့သဖြင့် ရဲတပ်ဖွဲ့မှ ဆယ်ယူသိမ်းဆည်းခဲ့ပြီး အိမ်အတွင်းနှင့် ဆယ်ယူခဲ့သော ဗူးအတွင်းမှ မူးယစ်ဆေးဝါး (၂၇၀၇) ပြား၊ တန်ဘိုးငွေ (၁၃၅၃၅၀၀ဝိ/-)နှင့် (၁) သောင်းကျပ်တန် ငွေစက္ကူ (၂၁) ရွက်ကို ရှာဖွေတွေရှိ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရသည်။


ပုသိမ်နယ်မြေရဲစခန်းမှ ဖြိုးကြီး(ခ) ဇေယျာဖြိုး၊ နေမျိုးသန့်၊ မ၀င်းဝင်း တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောမူးယစ်ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) /၂၁ တို့ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေမျိုးသန့်နှင့် ဇနီး မ၀င်းဝင်းကို ပုသိမ်နယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောမူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) တို့ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငွေစက္ကူအတုများကိုင်ဆောင်အသုံးပြုသူ မ၀င်းဝင်းကိုတော့ ပုသိမ် နယ်မြေရဲစခန်းမှ (ပ) ၃၀၀/၂၀၁၇၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆တို့ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မင်း ထက်မုန်း/ ဧရာဝတီတိုင်းမ်
ဓာတ်ပုံ - ရွှေဘိုဝဠာ
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes/
ပုသိမ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းဆီးရမိ ပုသိမ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.