ရိုဟင်ဂျာတွေ ဝင်ရောက်လာနေဆဲလို့ ဘင်္ဂလားဒေ့ရှ် ပြော


Photo: BenarNews
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ခွာသွားကြတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံရေးအတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူလက်မှတ်ထိုးလိုက်ပြီးဖြစ်ပေမဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဆက်လက်ဝင်ရောက်လာနေဆဲဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်လာသူဦးရေ လျော့နည်းသွားပြီဖြစ်ပေမဲ့ ဝင်လာသူတွေရှိတော့ရှိနေပါသေးတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူလက်မှတ်ထိုးပြီးနောက်ပိုင်း အနည်းဆုံး လူ ၄၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရဲ့ အကြီးအကဲ ဒုတိယဗိုလ်မှူးကြီး အရီဖူလ်အစ္စလာမ်က ပြောပါတယ်။

၂၀၁၆ နဲ့ ၂၀၁၇ အကြမ်းဖက်တိုက်ခိုက်မှုတွေအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ခွာသွားသူ ၆ သိန်း ၂ သောင်း ၄ ထောင်လောက်ရှိပြီး အဲဒီစာရင်းမှာ အရင်ထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိနေသူ ၂ သိန်း လောက်မပါသေးဘူးလို့ဆိုပါတယ်။

ဒုက္ခသည်တွေကို ပြန်လက်ခံရေး သဘောတူလက်မှတ်ထိုးပြီးကြပြီဖြစ်ပေမဲ့ သူတို့တွေအန္တရာယ်ကင်းကင်းနဲ့ နေရပ်ပြန်နိုင်ရေးအစီအစဉ်တွေ သေသေချာချာ မချမှတ်ရသေးတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။

ရိုဟင်ဂျာခေါင်းဆောင်တွေကတော့ သူတို့ကို မြန်မာအစိုးရက အကြမ်းဖက်မှုတွေက ကာကွယ်ပေးဖို့ တာဝန်ယူပြီး အခွင့်အရေးအပြည့်အဝရှိတဲ့ နိုင်ငံသားအဖြစ်သတ်မှတ်မှသာ မြန်မာနိုင်ငံကိုပြန်မယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေအပေါ်ကျူးလွန်တဲ့ ပြစ်မှုဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာကော်မရှင်ရဲ့ အထူးအစည်းအဝေးကို လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျင်းပမယ်လို့ ကုလသမဂ္ဂက ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရိုဟင်ဂျာတွေ ဝင်ရောက်လာနေဆဲလို့ ဘင်္ဂလားဒေ့ရှ် ပြော ရိုဟင်ဂျာတွေ ဝင်ရောက်လာနေဆဲလို့ ဘင်္ဂလားဒေ့ရှ် ပြော Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.