မြိုတိုင်းရင်းသားတစ်ယောက် သေဆုံးခဲ့တဲ့ မိုင်းပေါက်ကွဲမှုကို စစ်ဆေးနေ

ဓါတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း တောင်ဘဇာနယ်မြေတွင်းက ဗောဓိကိုင်းရွာနားမှာ မိုင်းပေါက်ကွဲ ပြီး ဒေသခံမြိုတိုင်းရင်းသားတစ်ဦး သေဆုံးခဲ့တဲ့ကိစ္စကို သေဆုံးသူရဲ့ ဇနီးဖြစ်သူက တိုင်ကြားလာတာကြောင့် အမှုဖွင့် စစ်ဆေးနေတယ်လို့ တောင်ဘဇာနယ်မြေ ရဲစခန်းက ဒီနေ့ပြောပါတယ်။

ပေါက်ကွဲခဲ့တဲ့ မိုင်းဟာ လက်လုပ်မိုင်းဖြစ်ပြီး မိုင်းထောင်တဲ့သူကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ တောင်ဘဇာ နယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းနိုင်ကပြောပါတယ်။

သေဆုံးသွားသူရဲ့ အမျိုးသမီးက တောင်ဘဇာနယ်မြေရဲစခန်းကို မနေ့က တိုင်တန်းလာတာကြောင့် အမှုဖွင့် စစ်ဆေးနေတာဖြစ်တယ် လို့လည်းပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့က တောင်ဘဇာနယ်မြေ ဘဒကားကျေးရွာအုပ်စု ဘိုကလေရွာဟောင်းမှာ နေထိုင်တဲ့ ဦးရန်ဂီးဟာ သူ့ရဲ့အမျိုးသမီးနဲ့ အတူ ခမောင်းချောင်းအုပ်စု ကုလားသေရွာမှာရှိတဲ့ ဆွေမျိုးတွေထံသွားရောက်ပြီး အပြန်မှာ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သူနဲ့အတူပါတဲ့ သူ့ရဲ့အမျိုးသမီးဖြစ်သူကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ဘိုကလေရွာဟောင်းဟာ လူနည်းစု မြိုတိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာ တစ်ခုဖြစ်ပြီး အိမ်ခြေ ၁၀ ကျော်လောက်သာရှိတဲ့ ရွာငယ်တစ်ခုဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြိုတိုင်းရင်းသားတစ်ယောက် သေဆုံးခဲ့တဲ့ မိုင်းပေါက်ကွဲမှုကို စစ်ဆေးနေ မြိုတိုင်းရင်းသားတစ်ယောက် သေဆုံးခဲ့တဲ့ မိုင်းပေါက်ကွဲမှုကို စစ်ဆေးနေ Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.