ပုသိမ်မြို့ ကံကုန်းလှေဆိပ်အနီး စက်လှေ(၁) စီးနစ်မြုပ်မှုဖြစ်ပွား


ပုသိမ် ၊ နိုဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၂) ရပ်ကွက်၊ ကံကုန်း လှေဆိပ်အနီး ယနေ့ည ၆ နာရီ ၃၀ မိနစ် အချိန်တွင် စက်လှေ(၁) စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကုလားစုကျေးရွာနေ ဘိုဘိုဦး(ခ) ကျော်သက် မောင်းနှင်လာသော ငါး ဖမ်းပိုက်ချသောစက်လှေပေါ်တွင် အမျိုးသား(၄) ဦးနှင့် အမျိုးသမီး(၃) လိုက်ပါလာတာဖြစ်ပြီး မြစ်အလယ်အရောက်တွင် လှိုင်းထ၍ စက်လှေ နစ်မြုပ်ခဲ့တာဖြစ်ကြောင်း သိရသည်။

“စက်လှေက ၆ နာရီ ၄၀ လောက်ကမှောက်တာ ၇ နာရီလောက်မှ အကုန် ကယ်ဆယ်နိုင်တယ်၊ စက်လှေမှောက်တော့ ကမ်းအနီးအနားရှိ လူများမှ အော်ပြီးအကူညီတောင်းတယ်၊ အဲ့တော့မှ အနားမှာ ငါးဖမ်းနေတယ် စက်လှေတွေအကုန်လုံး(၁၈) စီးလောက်ရှိမယ် ၀ိုင်းကယ်ကြတာ၊ စက်လှေပေါ်ပါသူအကုန်လုံးကို ကယ်ဆယ်နိုင်ခဲ့တယ်" စက်လှေဖြင့်ပါဝင်ကယ်ဆယ်ခဲ့သူ ကိုဇော်ဝင်းမှ ဧရာဝတီတိုင်းမ် သတင်းဌာနသို့ဖြေကြားခဲ့သည်။


“ကျနော်က ဒီဘက်ကမ်းကို အကိုဖြစ်သူကိုခေါ်ဖို့လာတာပါ၊ သူတို့ကို အခကြေးငွေမယူဘဲကူညီပြီးခေါ်လာတာ၊ မြစ်လယ်ရောက်တော့ လှိုင်းထပြီး မှောက်တာပါ၊ စက်လှေဘေးမှာ ဝါးအစီး(၄၀) လောက်တွဲလာခဲ့တာ၊ စက်လှေမှောက်တော့ ဝါးအစီးတွေကို ဖြုတ်ပြီးတော့ အားလုံးကိုဖတ်ထားခိုင်တယ်၊ ပြီးတော့ ငါးဖမ်း စက်လှေတွေလာကယ်တာပါ စက်လှေပါသူအားလုံးအသက်ရှင်ပါတယ်" ဟုနစ်မြုပ်ခဲ့သည့်စက်လှေကိုမောင်းသူ ဘိုဦး(ခ) ကျော်သက်မှ ဖြေကြားခဲ့သည်။

“စက်လှေကမြစ်အလယ်မှာမှောက်တာပါ၊ ကံကောင်းတာက အဲ့စက်လှေဘေးမှာ ဝါးအစီးတွေတွဲပြီးပါလာတော့ အဲ့အဝါးအစီးတွေ ဖတ်ထားကြတာ၊ ကံကောင်းလို့မိန်းမဖြစ်သူ အသက်ရှင်တာ"ဟု စက်လှေနစ်မြုပ်ရာတွင်ပါဝင်ခဲ့သော အမျိုးသမီး၏ခင်ပွန်းဖြစ်သူမှ ဖြေကြားခဲ့သည်။

စက်လှေနစ်မြုပ်ရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး စက်လှေနစ်မြုပ်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ဓါတ်ပုံ - မင်း ထက်မုန်း (ပုသိမ်)
မင်း ထက်မုန်း/ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes
ပုသိမ်မြို့ ကံကုန်းလှေဆိပ်အနီး စက်လှေ(၁) စီးနစ်မြုပ်မှုဖြစ်ပွား ပုသိမ်မြို့ ကံကုန်းလှေဆိပ်အနီး စက်လှေ(၁) စီးနစ်မြုပ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:31 Rating: 5
Powered by Blogger.