နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ အား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၁၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယိနှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ရခိုင် ပြည်နယ်အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ်ဆွေးနွေးကြသည်။


တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့ အကြားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ လဲလှယ်ပွဲကို ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည် သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ရှေ့မှောက်၌ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံရေးစီမံကိန်း သဘောတူညီချက်ကိုသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီးမစ္စတာဟုန်လျန်တို့ကလည်းကောင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင် ရွက်ရေးစီမံကိန်း သဘောတူညီချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်တို့က လည်းကောင်း၊ အမျိုးသားအားကစားရုံ(၁)ပြုပြင်မွမ်းမံမည့်စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ သဘောတူညီချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး မစ္စတာဟုန်လျန်တို့ကလည်းကောင်း အပြန်အလှန် လဲလှယ်ကြသည်။


ယင်းနောက် ရန်ကုန်မြို့၌ တည်ဆောက်ထားသည့် တရုတ်ယဉ်ကျေးမှု ဗဟိုဌာန ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ က ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့က နှစ်နိုင်ငံပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ဒေါ်အောင်ဆန်း စုကြည်နှင့် ပထမဦးဆုံး စတင်တွေ့ဆုံစဉ်ကတည်းက တရုတ်- မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ဆန္ဒရှိခဲ့ကြပါကြောင်း၊ ယခုအခါ (၁၃) ကြိမ်မြောက် အေဆမ်အစည်းအဝေး လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည့်အခါ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပိုမိုမြှင့်တင်နိုင်အောင် ဆွေးနွေးခဲ့ကြပါကြောင်း၊ လက်ရှိအစိုးရအနေဖြင့် ပြည်သူလူထု၏ ဆန္ဒအတိုင်း အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံက ထောက်ခံခဲ့ပါကြောင်း၊ ထို့ပြင် စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ စားဝတ်နေမှု အဆင့်အတန်း မြှင့်တင်နိုင်ရေး အတွက် တရုတ်နိုင်ငံက အားပေးတိုက်တွန်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းအကောင်အထည်ဖော်ရာတွင် တရုတ်နိုင်ငံက ပူးပေါင်းထောက်ခံခဲ့ပါကြောင်း၊ ယခုကျင်းပနေသော (၁၃) ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ပံ့ပိုးကူညီခဲ့ပါကြောင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦး စလုံးက ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြပြီး စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု စင်္ကြံတစ်ခုကို သဘော တူညီ ခဲ့ကြပါကြောင်း၊ ယင်းပူးပေါင်း ဆောင်ရွက်မှုစင်္ကြံသည် မန္တလေးတိုင်းဒေသကြီးကို ဖြတ်ကျော်ပြီး အရှေ့ဘက်တွင် ရန်ကုန်အထိ ရောက်ရှိကာ အနောက်ဘက်တွင် ကျောက်ဖြူ အထိ ရောက်ရှိမည်ဖြစ်ပါ ကြောင်း၊ အဆိုပါစင်္ကြံမှာ One Belt & One Road ၏ တစ်စိတ်တစ်ဒေသဖြစ်ပါ ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုစင်္ကြံ အကောင် အထည်ဖော်ခြင်းဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပြီး အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကို လက်ခံပါကြောင်း၊ ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရာတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် လိုအပ်သည်ဟု ယူဆပါကြောင်း။


ထိုသို့ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ကူညီပံ့ပိုးရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံဘက်မှ နှစ်နိုင်ငံအပြန်အလှန်တွေ့ဆုံ ဆွေးနွေးရန် သဘောတူထားပြီးဖြစ်ပါကြောင်း၊ ထိုပြဿနာဖြေရှင်းရေးအတွက် အခန်းကဏ္ဍ သုံးခု ခွဲခြားရန် လိုအပ်သည်ဟုရှုမြင်ပါကြောင်း၊ ပထမအနေဖြင့် တည်ငြိမ်မှု၊ အေးချမ်းမှုရရှိပြီး နောက်ထပ်ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပေါ်စေရေးအတွက် ထိန်းသိမ်း ရန်ဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် ဆွေးနွေးပွဲအတွက် ကောင်းမွန်သော နည်းလမ်း ရှာဖွေရန်ဖြစ်ပြီး တတိယအနေဖြင့် သဘောတူညီချက်စာချုပ်ကို အမြန်ဆုံးချုပ်ဆိုကာ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးကို ဖော်ဆောင်ရန်ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိခြင်း၏ အကြောင်းရင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး တွင်လည်း နိုင်ငံတကာမှ ပိုမိုကူညီပံ့ပိုးရန်လိုအပ်ပါကြောင်း၊ ယခုအခါ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍသစ်ကို ရောက်ရှိနေပြီဖြစ်သောကြောင့် မြန်မာ နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးတိုးတက်မှုရှိရန်အတွက် ကူညီပံ့ပိုးမှုများ လုပ်ဆောင် သွားမည်ပါဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံမှာ အင်အားအရ၊ အတိုင်းအဆအရ အလွန်ကွာခြားသော် လည်း အပြန်အလှန် လေးစားမှု၊ အပြန်အလှန်နားလည်မှုတို့တွင် တူညီသော မိတ်ဆွေ နိုင်ငံများ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့တူညီသောမိတ်ဆွေ စိတ်ဓာတ်ဖြင့် နှစ်နိုင်ငံအတွက် မျှတသော ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးသည် အင်မတန် လိုအပ်ပြီး ကောင်းမွန်သော လုပ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အဓိက လိုအပ်ချက်များမှာ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအပြင် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါကြောင်း၊ ယခု လိုအပ်ချက်များအတွက် ကြိုးပမ်းသည့်နေရာတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ် သော တရုတ်နိုင်ငံ၏ ပူးပေါင်းပါဝင်ကူညီမှုများမှာ အင်မတန်မှ အရေးပါပါကြောင်း၊ မိမိတို့ အနေဖြင့် အဆိုပါအချက်များကို သေသေချာချာ ဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်ပါက မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် သာမက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်ရေးအတွက်ပါ အမြန်ဆုံး အထောက်အကူပြု နိုင်မည်ဟု မျှော်လင့်ပါ ကြောင်း။

ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် အင်မတန်ရှုပ်ထွေးသော၊ နက်နဲသိမ်မွေ့လှသော ကိစ္စရပ်များအပေါ် တရုတ်နိုင်ငံက နားလည်မှုပေးသည့်အတွက် မြန်မာနိုင်ငံက တန်ဖိုးထားပါကြောင်း၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဆိုပြုသော အချက်သုံးချက် မှာ မိမိတို့၏ အမြင်နှင့်လည်းတိုက်ဆိုင်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးအကြောင်း မိမိတို့ အမြဲပြောသည်မှာ တည်ငြိမ်ရေးအတွက်၊ ပဋိပက္ခ မဖြစ်စေရေးအတွက်ဖြစ်ပါ ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံဆွေးနွေးပြီး လက်ရှိပြဿနာများကို အမြန်ဆုံး ဖြေရှင်းနိုင်ရေးကို မြန်မာနိုင်ငံအနေဖြင့် များစွာလိုလားပါကြောင်း၊ တတိယအချက် ဖြစ်သော ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးတို့မှာ မိမိတို့အစိုးရ၏ ရခိုင်ပြည်နယ်အတွက်သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက် မျှော်လင့်ချက်များ၊ ရည်ရွယ်ချက်များဖြစ်ပါကြောင်း၊ ယင်းသို့ အမျိုးမျိုးသော ပြဿနာများနှင့်ရင်ဆိုင် နေရချိန်တွင် မိတ်ဆွေကောင်းနေရာမှ ဝိုင်းဝန်းပံ့ပိုးကူညီပေးသည့်အတွက် မြန်မာနိုင်ငံ အနေဖြင့် အင်မတန်အားတက်ရပါကြောင်း၊ အမြဲတမ်းအိမ်နီးနားချင်းနိုင်ငံများ ဖြစ်နေရ မည့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အမြဲတမ်းမိတ်ဆွေကောင်းနိုင်ငံများ ဖြစ်ပါစေဟု ဆုတောင်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်တွင်းသတင်းမီဒီယာများကိုယ်စား MITV မှ မေးမြန်းချက်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံ၏ မျှော်လင့်ချက်မှာ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးဖြစ်ပြီး အခန်းကဏ္ဍသုံးခုခွဲထားပါကြောင်း၊ ထိုသို့ ကဏ္ဍ ခွဲရာတွင်လည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ အသံကိုနားထောင်ပြီး ကဏ္ဍ ခွဲခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားတွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လိမ့်မည် ဟု မျှော်လင့်ပါကြောင်း ဖြေကြားသည်။


ထို့အတူ ပြည်ပသတင်းဌာနများကိုယ်စား ဆင်ဟွာသတင်းဌာနမှ မေးမြန်းချက်နှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့နှစ်နိုင်ငံအကြား အဓိကတိုးတက် မှုမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ နားလည်မှုတိုးတက်လာခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နားလည်မှု ရှိပါက မည်သည့်ပြဿနာမျိုးကိုမဆို ဖြေရှင်းနိုင်စွမ်းရှိသောကြောင့် အရေးအကြီးဆုံး တိုးတက်မှုဖြစ်ပါကြောင်း၊ Belt & Road သာမက အခြားနှစ်နိုင်ငံ အတွက် အကျိုးရှိမည့်ကိစ္စများ၊ အကျိုးရှိမည့်စီမံကိန်းများဆိုပါက နှစ်နိုင်ငံ အကျိုးရှိမည့် ကိစ္စဖြစ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် လိုလားပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အဓိက ထားသည်မှာ နှစ်နိုင်ငံအကြား၊ ပြည်သူပြည်သားများအကြား ပိုမိုခိုင်မာလာသော မိတ်ဆွေဖြစ်ရေးဖြစ်ပါကြောင်း၊ Belt & Road နှင့်ပတ်သက်သည့် ဖွံ့ဖြိုးရေး စီမံကိန်းများကို မကြာမီဘေကျင်းရောက်သည့်အခါ အသေးစိတ်ဆက်လက် ဆွေးနွေး နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြန်လည်ဖြေကြားသည်။

သတင်းစာရှင်းလင်းပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိအား M- Gallery Sofitel ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

တွေ့ဆုံပွဲ၊ သဘောတူညီချက်များ လဲလှယ်ပွဲနှင့် နေ့လယ်စာစားပွဲတို့သို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် ညွှန်ကြားရေး မှူးချုပ်များ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ အား လက်ခံတွေ့ဆုံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ အား လက်ခံတွေ့ဆုံ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.