ပါတီမှတ်ပုံတင်ခွင့် မကျသေးတဲ့ နိုင်ငံရေးပါတီ ၄ ခုရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်း(အလယ်)နဲ့ အဖွဲ့ဝင်တွေကို ၂ဝ၁၆ ခုနှစ် မတ်လ ၃ဝ ရက်နေ့က တွေ့ရစဉ်။ Photo: Union Election Commission Facebook
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားလာတဲ့ ပါတီတွေထဲက ၄ ခုဟာ ၀န်ကြီးဌာန ၂ခုရဲ့ ထောက်ခံချက်တွေ မပြည့်စုံသေးလို့ ခွင့်မပြုသေးကြောင်း ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့ရဲ့ ထောက်ခံချက် တွေစုံမှ မှတ်ပုံတင်ခွင့်ပြုနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

မျိုးချစ်ညီညွတ်ရေးပါတီ၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တို့က ပါတီမှတ်ပုံတင်လျှောက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအထဲက ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ပြည်သူ့အလုပ်သမားပါတီတို့ကို နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုပေးခဲ့ပေမယ့် မျိုးချစ်ညီညွတ်ရေးပါတီအပါအ၀င် ကျန်တဲ့ ပါတီ ၄ခုကိုတော့ ခွင့်မပြုသေးတာဖြစ်ပါတယ်။

မျိုးချစ်ညီညွတ်ရေးပါတီဟာ မဘသအဖွဲ့ဝင်ဟောင်းတွေ ပါဝင်မှာဖြစ်သလို ပါတီခေါင်းဆောင်အနေနဲ့ မဘသ အဖွဲ့မှာ ဗဟိုအလုပ်အမှုဆောင်အဖြစ် ပါဝင်ခဲ့တဲ့ စာရေးဆရာ မောင်သွေးချွန် က ဆောင်ရွက်မှာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ် တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီ ၉၄ ခုရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပါတီမှတ်ပုံတင်ခွင့် မကျသေးတဲ့ နိုင်ငံရေးပါတီ ၄ ခုရှိ ပါတီမှတ်ပုံတင်ခွင့် မကျသေးတဲ့ နိုင်ငံရေးပါတီ ၄ ခုရှိ Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.