လားရှိုးမြို့ရှောင်လမ်းတွင် အိမ်စီးကားတစ်စီး အရှိန်လွန်တိမ်းမှောက်ရာ (၂)ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ဓါတ်ပုံ - Sai Nyi Nyi Han( လားရှိုးသတင်းပုံရိပ်များ)
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှောင်လမ်းတွင် နိုဝင်ဘာ ၂၃ ရက်၊ ညပိုင်းက အိမ်စီးကားတစ်စီးအရှိန် လွန်တိမ်းမှောက်ရာမှ (၂)ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးနယ်မြေရဲစခန်းမှ သိရှိရသည်။

 လားရှိုးမြို့နယ်၊ မန္တလေး-မူဆယ်သွားပြည်ထောင်စုလမ်းမကြီးတွင် သိန္နီမြို့မှသီပေါမြို့သို့ ယာဉ်မောင်း စိုင်းဆိုင် ညွှန့်(၂၅)နှစ်မောင်းလာသော Wish အမျိုးအစားယာဉ်မှာ မိုင်တိုင်အမှတ်(၉/၆)နှင့် (၉/၇)ကြားတွင် အရှိန်မ ထိန်းနိုင်ဘဲ တိမ်းမှောက်သွားရာ ယာဉ်မောင်းနှင့် ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့ခြင်းဖြစ်သည်။
 “မြို့ရှောင်လမ်းမှာ အိမ်စီးကားလေး အရှိန်မထိန်းနိုင်ဘဲဖြစ်သွားတာပါ။ အဖေနဲ့ ကလေးတော့ ဆုံးသွားတယ်။ အမေကိုတော့ ဆေးရုံတင်ထားရပါတယ်။”ဟု လားရှိုးယာဉ်ထိန်းရုံးမှ ရဲအုပ် စောဝင်းကပြောသည်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်း စိုင်းဆိုင်ညွှန့်မှာ ဦးခေါင်းကွဲ၊ နှာခေါင်း၊ ပါးစပ်သွေးထွက်ဒဏ်ရာ၊ တစ် လခွဲအရွယ် ကလေးငယ် စိုင်းနွံကွမ်းလျန်းမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့်သေဆုံးခဲ့ရကာ မနန်းမြသိန်း (၂၁)နှစ်တွင် ယာမျက်ခုံးပေါက်ပြဲဒဏ်ရာဖြင့် လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
 “ယာဉ်မတော်တဆမှုဖြစ်တယ်လို့ သတင်းရလို့လိုက်သွားတာပါ။ မိသားစုသုံးယောက်စီးလာတဲ့ အိမ်စီးကားလေး အရှိန်မထိန်းနိုင်ဘဲဖြစ်သွားတာပါ။ သေဆုံးသူတွေကို လားရှိုးရင်ခွဲရုံကို ပို့ပေးခဲ့တာပါ။’’ဟု ရွှေကြေးစည် လူမှုကူ ညီရေးနှင့် ကယ်ဆယ်ရေးအဖွဲ့မှ ရှမ်းမြောက်တာဝန်ခံ ဦးစိုင်းညီညီဟန်က ပြောသည်။

အဆိုပါယာဉ်မတော်တဆမှုတွင် ယာဉ်မဆင်မခြင်မောင်းနှင်ပြီးသေဆုံးသူ စိုင်းဆိုင်ညွှန့်အား လားရှိုးနယ်မြေ ရဲစခန်းက ယာဉ်(ပ)၄၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၀၄-က အရ အမှုဖွင့်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
လားရှိုးမြို့ရှောင်လမ်းတွင် အိမ်စီးကားတစ်စီး အရှိန်လွန်တိမ်းမှောက်ရာ (၂)ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ လားရှိုးမြို့ရှောင်လမ်းတွင် အိမ်စီးကားတစ်စီး အရှိန်လွန်တိမ်းမှောက်ရာ (၂)ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.