ဝါးခယ်မမြို့နယ် ရွှေကုန်းကျေးရွာမှ စေတီတော် စိန်ဖူးတော် ခိုးယူသူကိုဖမ်းမိ


ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၊ ရွှေကုန်းကျေးရွာ၊ ကံလှဘုန်းကြီးကျောင်းဝင်းအတွင်း တည်ထား ကိုးကွယ်တဲ့ ဉာဏ်တော်အမြင့်(၂၇)တောင်ရှိ ကြံတိုင်းအောင် ပြည်လုံးချမ်းသာ စေတီ တော်ရဲ့ စိန်ဖူးတော်ဟာ နိုဝင်ဘာ (၂၆) ရက် မနက်(၇)နာရီ မိနစ်(၂၀)က ပျောက်ဆုံး သွားပြီး တရားခံကို အဲဒီနေ့မှာပဲ ဖမ်းမိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

 ဖြစ်စဉ်မှာ စေတီတော်ရဲ့ စိန်ဖူးတော်ပျောက်ဆုံးသွားကြောင်း အကြောင်းကြားလို့ ရွှေကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အောင်နဲ့ ရာအိမ်မှူး ဦးဝင်းအောင်တို့က သွားရောက်ကြည့်ရှုရာ စေတီအရှေ့ဘက်ထောင့်မှာ ရွှေရည်သုတ်ထားတဲ့ အမြင့်(၁၁)လက်မ၊ လုံးပတ်(၁၄)လက်မရှိ စိန်ဖူးတော်အခွံကို တွေ့ရှိပြီး စိန်ဖူးတော်နဲ့အတူ လှူဒါန်းထားတဲ့ ရွှေနားကပ်၊ ရွှေလက်စွပ်၊ရွှေလက်ကောက်၊ ကျောက်နားကပ်၊ ကျောက်လက်စွပ်တွေ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း(၄၀)ဖိုးခန့် ပျောက်ဆုံးနေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။


အဲဒီအမှုကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အောင်က ကျုံမငေးနယ်မြေရဲစခန်းကို တိုင်တန်းလို့ ရဲစခန်းက(ပ)၇၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၂၉၅(ခိုးမှု/ ဘာသာသာသနာ ကို စော်ကားမှု)နဲ့ အမှုဖွင့်စစ်ဆေးခဲ့ပါတယ်။

 နိုဝင်ဘာ (၂၆) ရက် နေ့လယ် (၁၂)နာရီခွဲက လှိုင်သာယာမြို့နယ်မှာသွားရောက်တိမ်းရှောင်နေတဲ့ ရွှေကုန်းကျေးရွာနေ ကျော်သက်ကို လက်စွပ်(၁၀)ကွင်း၊ နားကပ်(၇)ရန်၊ ဆွဲကြိုး(၁၀)ကုံးနဲ့ ငွေကျပ် (၄၈,၂၀၀)၊ ခေတ်သစ်လိုင်စင်ရအပေါင်ဆိုင်မှာ ရွှေလက်စွပ်(၂)ကွင်း ပေါင်ထားတဲ့ ဘောက်ချာ(၁) ရွက် နဲ့ ကျုံမငေးမြို့၊ ရတနာဂုဏ်ရည် ရွှေဆိုင်မှာ ရွှေလက်စွပ်(၂)ကွင်း ပေါင်ထားတဲ့ ဘောက်ချာ (၁)ရွက်တို့ကို သိမ်းဆည်းရမိခဲ့လို့ ကျော်သက်ကို ချုပ်မိန့်ရယူကာ တရားစွဲတင်ပို့သွားမယ်လို့သိရပါတယ်။ ဒီသတင်းကို Central News Bureau ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ဝါးခယ်မမြို့နယ် ရွှေကုန်းကျေးရွာမှ စေတီတော် စိန်ဖူးတော် ခိုးယူသူကိုဖမ်းမိ ဝါးခယ်မမြို့နယ် ရွှေကုန်းကျေးရွာမှ စေတီတော် စိန်ဖူးတော် ခိုးယူသူကိုဖမ်းမိ Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.