စစ်သားများခေါ်ယူသွားသည့် ကျောက်တော်မြို့သစ်မှ ဦးကျော်သိန်း ပြန်မရောက်လာသဖြင့် မိသားစုများ စိုးရိမ်


နိရဉ္စရာ၊ နိုဝင်ဘာ ၂၉

နိုဝင်ဘာ ၁၉ ရက်နေ့က ဖျံဥခြောက် ၀ယ်ရန်လာသော ကျောက်တော်မြို့သစ်ရပ်ကွက်မှ ဦးကျော်သိန်းအား ပလက်ဝမြို့နယ် မီးဇာဆိပ်ကမ်းတွင် စစ်သား ၂ ဦးမှ ခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ ပြန်မရောက်လာသဖြင့် မိသားစုများအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း သတင်းရရှိသည်။

“ ဒီဦးကျော်သိန်းကို မြောက်ဦး အခြေစိုက် တပ်ရင်း ခမရ ၃၇၇ တပ်က တပ်သား ၂ ဦးကနေ ပလက်ဝ အထက်ပိုင်း မီးဇာဆိပ်ကမ်းကနေ ခေါ်သွားတာပါ။ လူပါ စက်လှေကိုပါ ခေါ်သွားတာပါ။ အခု ၁၀ ရက် ခန့်ရှိနေပေမယ့် အဆက်အသွယ် မရတဲ့ အတွက် စိုးရိမ်နေကြတာပါ” ဟု မိသားစုဝင် တစ်ဦးက နိုဝင်ဘာ ၂၈ ရက်နေ့က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဦးကျော်သိန်းတွင် ငွေကျပ် ၅၆ သိန်းပါသွားပြီး စက်လှေနှင့် အတူ ကလက်ချောင်းထဲသို့ ခေါ်ယူသွားကြောင်း သိရသည် ၎င်းက ဆက်လက် ပြောကြားသည်။

“ ကျွန်တော်တို့ ဗျူဟာမှူးဆီမှာလည်း ဒီကိစ္စတိုင်ထားပြီးပါပြီ။ ဗျူဟာမှူးကတော့ ဘာမှ ပြန်မပြောသေးပါဘူး။ အထက်လူကြီးတွေအနေနဲ့ ဦးကျော်သိန်းကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ စီစဉ်ပေးစေလိုပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။

ပလက်ဝမြို့နယ် အထက်ပိုင်း အိန္ဒိယနယ်စပ် အနီးတွင် စစ်တပ်နှင့် အေအေ အကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် အခြေအနေများ ရှုပ်ထွေးနေကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာနေရာများမှ ဒေသခံ အများအပြားလည်း အိုးအိမ်များကို စွန့်ခွာထွက်ပြေးလျက် ရှိကြောင်း သိရသည်။

မြန်မာတပ်မတော် တာဝန်ရှိသူများသို့ နိရဉ္စရာအနေဖြင့် မေးမြန်းနိုင်ခြင်း မရှိသဖြင့် ဦးကျော်သိန်းကို စစ်သား ၂ ဦးမှ ခေါ်ယူသွားခြင်းနှင့် ပတ်သက်ပြီး တပ်ဘက်က သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

Narinjara
https://www.facebook.com/Narinjara
စစ်သားများခေါ်ယူသွားသည့် ကျောက်တော်မြို့သစ်မှ ဦးကျော်သိန်း ပြန်မရောက်လာသဖြင့် မိသားစုများ စိုးရိမ် စစ်သားများခေါ်ယူသွားသည့် ကျောက်တော်မြို့သစ်မှ ဦးကျော်သိန်း ပြန်မရောက်လာသဖြင့် မိသားစုများ စိုးရိမ် Reviewed by THITHTOOLWIN on 16:26 Rating: 5
Powered by Blogger.