အိန္ဒိယ စစ်တပ်မှ မြန်မာဘက်မှ ခိုလုံရန် ၀င်ရောက်လာသူများ စာရင်းကောက်ယူ


နိရဉ္စရာ၊ နိုဝင်ဘာ ၂၇

အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်ထဲသို့ ၀င်ရောက်လာသည့် မြန်မာနိုင်ငံသားများ၏ စာရင်းအား အိန္ဒိယ စစ်တပ်နှင့် အစိုးရ တာဝန်ရှိသူများမှ ကောက်ယူနေကြောင်း သတင်းရရှိသည်။

“ သူတို့လာကောက်တုန်းက ၁၂၀၀ ကျော်ပါ။ မနေ့ကထိတော့ လူပေါင်း ၁၄၀၀ ကျော်သွားပါပြီ။ သူတို့က စာရင်းကောက်ယူတာကလွဲပြီး ဘာမှတော့ အနှောင့်အယှက်ပေးတာ မရှိပါဘူး။ ရိက္ခာတွေ ထောက်ပံ့ပေးမယ်လို့ ပြောပါတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးဖြစ်သည့် ခိုင်မင်းသိန်းက ပြောကြားသည်။

အိန္ဒိယနိုင်ငံထဲသို့ ခိုလုံရန် ထွက်ပြေးရောက်ရှိလာသူများအား တစ်ရွာနှင့် တစ်ရွာသို့ သွားလာပြောင်းရွှေ့ခွင့်ကို အိန္ဒိယ စစ်တပ်မှ ပိတ်ပင်ထားပြီး ရောက်ရှိသည့် ကျေးရွာတွင် နေထိုင်ခိုင်းထားကြောင်း သိရသည်။

“ သူတို့ကတော့ လူစာရင်းတွေ အမှားအယွင်းဖြစ်မှာစိုးလို့ တစ်ရွာကနေ တစ်ရွာကို ပေးမထွက်တာ ဖြစ်ပါတယ်။ ဒါ့ပြင် စာရင်းတွေရှိနေတဲ့ လူစာရင်းကို လျော့မသွားဖို့လည်း ရပ်ရွာ လူကြီးတွေကို ပြောထားပါတယ်” ဟု သူက ဆိုသည်။


အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ် မောင်ဘုဆွာရွာတွင် ရောက်ရှိနေသူများအားလုံးမှာ ရခိုင် လူမျိုးများဖြစ်ကြောင်း၊ သူတို့မှာ ကလက်ချောင်းထဲမှ ငွေလက်ဝ၊ ပကာဝ၊ အထက်ဖွေလက်ဝ၊ အောက်ဖွေလက်ဝနှင့် ကလချောင်းထဲမှ ပုံးညောဝ (ပုံးည၀) ၊ စတင်ဝ၊ မြိတ်ဝ ကျေးရွာများမှ ဖြစ်ကြကြောင်း၊ တစ်ခြား နေရာများတွင် ခိုလုံရာတွင်လည်း ရခိုင်နှင့် အတူ တစ်ခြား တိုင်းရင်းသား အနည်းငယ် ပါကြောင်းသူက ပြောဆိုသည်။

“ မောင်ဘုဆွာရွာအနီးက နောက်ထပ် ရွာသုံးလေးရွာမှာလည်း ရောက်နေကြပါတယ်။ လိုင်တလန်တို့၊ ဇော့ဇောက်ဆွာရွာ စတဲ့ ရွာတွေမှာ ဟိုရွာမှာ ၅၀၊ ဒီဘက်ရွာမှာ ၁၀၀ အဲသလိုမျိုး နောက်ထပ် သုံးလေးရွာမှာ ရောက်နေကြတာတွေရှိပါတယ်။ မောင်ဘုဆွာရွာမှာတော့ အများဆုံးပါ” ဟု သူက ပြောဆိုသည်။

ယခုလောလောဆယ်တွင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ အပူတပြင်းလိုအပ်နေပြီး ဆောင်းရာသီရောက်ရှိနေပြီ ဖြစ်သဖြင့် အ၀တ်အထည်နှင့် အနွေးထည်များလလည်း လိုအပ်နေကြောင်း သူက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
အိန္ဒိယ စစ်တပ်မှ မြန်မာဘက်မှ ခိုလုံရန် ၀င်ရောက်လာသူများ စာရင်းကောက်ယူ အိန္ဒိယ စစ်တပ်မှ မြန်မာဘက်မှ ခိုလုံရန် ၀င်ရောက်လာသူများ စာရင်းကောက်ယူ Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.