တစ်နေ့တည်းတွင် မောင်တောနှင့် ဘူးသီးတောင်မှ ယာဘား စိတ်ကြွဆေးပြား တစ်သန်းကျော်နှင့် လူ ၅ ဦးဖမ်းမိ


နိရဉ္စရာ၊ နိုဝင်ဘာလ ၂၉

ငွေကျပ်သိန်းပေါင်း နှစ်သောင်းငါးထောင်ကျော် တန်ဖိုးရှိ WY ယာဘားဆေးပြား တစ်သန်းကျော်ကို နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်တွင် ဘူးသီးတောင်နှင့် မောင်တော၌ ဖမ်းမိခဲ့သည်ဟု မောင်တော ခရိုင်မှူး ဒုရဲမှူးကြီး ဥာဏ်ဝင်းဦးက နိရဉ္စရာသတင်းဌာနသို့ ကပြောသည်။

“ Hijet ကား တစ်စီးက နေပြီးတော့ မောင်တောမြို့ ဇူလရွာအနီးမှာ အထုပ် ၅ ထုပ် ချထားတယ်။ ဒါကို ဘင်္ဂလီ ၁၅ ယောက်လောက် က ရွာက ထွက်လာပြီး အထုပ်တွေ ထမ်းပြီး ယူကြတယ်။ ဒါကို မသင်္ကာ လို့ လိုက်စစ်ဆေးတော့ ရွာသားတွေက ထွက်ပြေးသွားတယ်။ အထုပ်တွေကို စစ်ဆေးတော့ WY စိတ်ကြွဆေးပြား ၉၅၉၅၀၀ ရှာဖွေ သိမ်းဆည်းရမိပါတယ် ” ဟု မောင်တော ခရိုင်မှူးက ပြောသည်။


အထုပ်များကို ထမ်းပိုးသူ သယ်ဘင်္ဂလီရွာသားများမှာ ရဲတပ်ဖွဲ့ဝင်များလိုက်လာသဖြင့် အထုပ် ၅ ထုပ်ကို လယ်ကွင်းပြင်ထဲတွင် ပစ်ချကာ ထွက်ပြေးသွားခဲ့ပြီး ၎င်းအထုပ်များကို မသင်္ကာ၍ လိုက်စစ်ဆေးရာမှ ဆေးပြားများကို တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

အထုပ်များကို ပစ်ချခဲ့သည့် Hijet ကားကို လိုက်လံ ဖမ်းဆီးရာ ကားပေါ်မှ ယာဉ်မောင်းသူ အပါအ၀င် ယာဉ်ပေါ်လိုက်ပါလာသူ စုစုပေါင်း ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ခရိုင် ဒုရဲမှူးကြီးက ပြောကြားသည်။

“ ဖမ်းမိတဲ့သူတွေက မောင်တောမြို့နယ် တောင်ပိုင်းက ဖြစ်ပါတယ်။ နာမည် တွေကိုတော့ လက်တန်းပြောလို့ မရဘူးဗျာ။ အထုပ် ၅ ထုပ်ထဲမှ မူးယစ်ဆေးဝါး ပြား ကာလတန်ဖိုးက သိန်းပေါင်း ၁၉၁၉၀ ဖိုးခန့်ရှိပါတယ်” ဟု ပြောသည်။

ယနေ့ နံနက် ၇ နာရီကလည်း ဘူးသီးတောင် မြို့ ဂန္ဓာရီ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံဟောင်းတွင် ပရိုဘောက် အဖြူ ကားတစ်စီးဖြင့် မူးယစ်ဆေးဝါးများ လာရောက် သိုဝှက်ထားသည်ဟု သတင်းအရ ရဲတပ်ဖွဲ့က ၀င်ရောက် စစ်ဆေးရာ ဓမ္မာရုံဟောင်းမှ WY စိတ်ကြွ ရူးသွပ်ဆေးပြား အထုတ် (၁၅၈)ထုပ် ဆေးပြားပေါင်း ၃၁၆၀၀၀ ပြား ကာလ တန်ဖိုး သိန်းပေါင်း ၆၃၂၀ ကျပ် ဖမ်းဆီးရမိသည် ခရိုင် ဒုရဲမှူးကြီးက ပြောကြားသည်။

“ ဘူးသီးတောင်မှာ ၂ ဦးဖမ်းမိတယ်ဗျာ။ သူတို့ကတော့ ရန်ကုန်နဲ့ ဘားအံတို့ဘက်ကပါ” ဟု ခရိုင်ဒုရဲမှူးကြီးက ပြောသည်။

မူးယစ်ဆေးဝါးနှင့် အတူ ဦးခန့်အောင် အသက်(၄၀) နှစ်နှင့် ဦးနေစိုးဦး အသက်(၄၆)နှစ် တို့အား ဖမ်းဆီးထားပြီး တာဝန်အရ အရေးယူဆောင်ရွက်သွားမည် ဟု သိရသည်။

မဘုကေ (စစ်တွေ)
Narinjara
https://www.facebook.com/Narinjara
တစ်နေ့တည်းတွင် မောင်တောနှင့် ဘူးသီးတောင်မှ ယာဘား စိတ်ကြွဆေးပြား တစ်သန်းကျော်နှင့် လူ ၅ ဦးဖမ်းမိ တစ်နေ့တည်းတွင် မောင်တောနှင့် ဘူးသီးတောင်မှ ယာဘား စိတ်ကြွဆေးပြား တစ်သန်းကျော်နှင့် လူ ၅ ဦးဖမ်းမိ Reviewed by THITHTOOLWIN on 17:44 Rating: 5
Powered by Blogger.