မီဒီယာပုဒ်မနဲ့ တနင်္သာရီဂျာနယ်ကို တရားစွဲ


တနင်္သာရီဂျာနယ်ပါ သရော်စာဟာ ထိခိုက်စော်ကားတဲ့ အရေးအသားမျိုး ဖြစ်နေတာကြောင့် အရေးယူပေးဖို့ မီဒီယာဥပဒေပုဒ်မနဲ့ တနင်္သာရီ ဝန်ကြီးချုပ်က တရားရုံးမှာ ဦးတိုက် လျှောက်ထားခဲ့ပါတယ်။

မဲဆွယ်အပြုံး ဆိုတဲ့ သရော်စာ ဆောင်းပါးကို နိုဝင်ဘာလ (၂၀)ရက်နေ့မှာ တနင်္သာရီ အပတ်စဉ် ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဆောင်းပါးမှာ အုပ်ချုပ်ရေးမှူး ပြန်လည် အရွေးခံရဖို့ လုပ်ဆောင်တဲ့ အမျိုးသမီး အုပ်ချုပ်ရေးမှူးဟောင်း တဦး အကြောင်းကို သရော်ထားတာဖြစ်ပြီး ဆယ်အိမ်မှူး ရာအိမ်မှူးတွေကို လာဘ်ထိုးရတာတွေ၊ မိသားစုဝင်တွေကလည်း ရပ်ကွက်ထဲ လိုက်ပြီးစည်းရုံးတာတွေ လုပ်တဲ့အကြောင်းကို သရော်ရေးသားထားတာဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ ရေးသားထားတဲ့ အကြောင်းအရာတွေဟာ ဝန်ကြီးချုပ်ရဲ့ မိသားစုကိုပါ ထိခိုက် စော်ကားသလိုဖြစ်တယ်လို့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်လို့ဝန်ကြီးချုပ် က ဝေဖန်တာမဟုတ်ပဲ ပုဂ္ဂိုလ်ရေး ထိခိုက် စော်ကားတာဆိုရင်တော့ ဘယ်လက်ခံမလဲ လို့ ဘီဘီစီကို ပြောပါတယ်။

ဒီသရော်စာကို ဆောင်းပါးရှင်က ကလောင်နာမည် မူးဆေးအိုးနဲ့ တနင်္သာရီဂျာနယ်မှာ ရေးသားဖော်ပြ ခဲ့တာဖြစ်ပြီး ဂျာနယ်ဖက်ကတော့ ဆောင်းပါးရှင် ဘယ်သူလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို သူတို့ဖက်က ထုတ်ဖော်ပြောမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

သရော်စာဆောင်းပါးနဲ့ ပတ်သက်လို့လည်း တဦးတယောက်ကို ရည်ရွယ်တာ မဟုတ်ဘဲ ဖြစ်ပျက်နေတဲ့ အကြောင်းကိုသာ သရော်ရေးသားတာ ဖြစ်တယ်လို့ တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာ ကိုမျိုးအောင်က ပြောပါတယ်။

မီဒီယာတွေမှာ သတင်းဖော်ပြမှုနဲ့ ပတ်သတ်တဲ့ ကိစ္စတွေမှာ မီဒီယာကောင်စီကို ကြားဝင်ညှိနှိုင်းပေးဖို့ ပြောဆိုတာတွေ လုပ်ပြီးမှ သက်ဆိုင်ရာကို တိုင်ကြားတာတွေ လုပ်လေ့ရှိပါတယ်။

အခုကိစ္စမှာ သရော်စာနဲ့ ပတ်သတ်ပြီး မီဒီယာကောင်စီကို ပြောဆိုတာ မရှိသေးပဲ တရားရုံးကို ဦးတိုက်လျှောက်လိုက်တာဖြစ်ပါတယ်။

တရားရုံးမှာအမှုတိုင်ကြားပြီးပါက မီဒီယာကောင်စီအနေနဲ့ လုပ်ထုံးလုပ်နည်းအရ ကြားဝင်ကိုင်တွယ်ဖို့ မဖြစ်နိုင်ကြောင်း သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

တနင်္သာရီ ဂျာနယ်ဖက်ကတော့ အတိုင်ကြားခံထားရတဲ့ သရော်စာ အမှုနဲ့ ပတ်သက်ပြီး မီဒီယာကောင်စီ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကတော့ သရော်စာနဲ့ ပတ်သက်လို့ ဂျာနယ်ဖက်က ဖြေရှင်းတောင်းပန်တာမျိုး လုပ်မယ် ဆိုရင်တောင် အမှုကို ကျေအေးပေးမှာ မဟုတ်ဘူးလို့ ဘီဘီစီကိုပြောပါတယ်။

အခု တရားရုံးမှာ ဦးတိုက်လျှောက်ထား တဲ့ မီဒီယာ ဥပဒေ ပုဒ်မ (၂၅)ဟာ လူပုဂ္ဂိုလ်တဦးဦး အဖွဲ့အစည်း တခုခုကို ဂုဏ်သိက္ခာ ထိခိုက်စေဖို့ တမင်ရေးသားဖော်ပြထားတဲ့ ပုဒ်မဖြစ်ပြီး အများဆုံး ဒဏ်ငွေ ပြစ်ဒဏ်ပဲ ကျခံနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
မီဒီယာပုဒ်မနဲ့ တနင်္သာရီဂျာနယ်ကို တရားစွဲ မီဒီယာပုဒ်မနဲ့ တနင်္သာရီဂျာနယ်ကို တရားစွဲ Reviewed by THITHTOOLWIN on 17:48 Rating: 5
Powered by Blogger.