ကရင်နီ ဖွံ့ဖြိုးရေးကျောင်း တည်ဆောက်မှု ရပ်ဆိုင်းဖို့ ပြည်နယ်အစိုးရ ညွှန်ကြား

၂၀၁၂ ခုနစ်က ကေအန်ပီပီနဲ့ အစိုးရ အပစ်ရပ်စဲရေး ဆွေးနွေးဖို့ လွိုင်ကော် လာရောက်တဲ့ ကေအန်ပီပီ ကိုယ်စားလှယ်အဖွဲ့ကို ဒေသခံပြည်သူတွေက ကြိုဆိုနေကြစဉ်
အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးထားပေမဲ့ အစိုးရနဲ့ တဖွဲ့ချင်းအလိုက် အပစ်အခတ်ရပ်စဲထားတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကနေ ဦးစီးပြီး ဖရူဆိုမြို့နယ်ထဲ ဖွံ့ဖြိုးရေးကျောင်းတည်ဆောက်ဖွင့်လှစ်ဖို့ စီစဉ်နေမှုကို ရပ်ဆိုင်းထားဖို့ ကယားပြည်နယ် အစိုးရက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကေအန်ပီပီ လွိုင်ကော် ဆက်ဆံရေးရုံးကို လိပ်မူထားတဲ့ ညွှန်ကြားစာမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင်တွေက ဖရူဆိုမြို့နယ်ထဲက သူတို့ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ ကျောင်းကို လာရောက်ပြီး ကျောင်းသူကျောင်းသားများ နေထိုင်မဲ့ အဆောက်အဦး လိုအပ်ချက်တွေကို စာရင်းကောက်ယူခဲ့တာဟာ ပြည်နယ်အစိုးရက ခွင့်ပြုချက်မပေးထားတဲ့ ကိစ္စတွေကို ဆောင်ရွက်လာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလို လုပ်ရပ်တွေကြောင့် ပြည်နယ်အစိုးရရဲ့ ပညာရေးကဏ္ဍလိုအပ်ချက် စီစဉ်ပေးမှုတွေအပေါ် ထိခိုက်စေလို့ ဆက်လက်လုပ်ဆောင်ချင်း မပြုဖို့ အကြောင်းကြားရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကေအန်ပီပီဘက်ကတော့ ဒီကျောင်းကို အကောင်ထည်ဖော်တာဟာ သူတို့နဲ့ အစိုးရအကြား တဖွဲ့ချင်းစီ အပစ်အခတ်ရပ်စဲခဲ့တဲ့ စာချုပ်ပါ သဘောတူညီချက်အရ အကောင်ထည်ဖော်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဖရူဆိုမြို့နယ် ထီးပေါဆိုကျေးရွာအုပ်စု ၊ ထီးသော်ကူး ကျေးရွာမှာ အကောင်ထည်ဖော်ဖို့ စီစဉ်ထားတဲ့ကျောင်းဟာ တဖွဲ့ချင်း အပစ်ရပ်စဉ်ကတည်းက ဖွံ့ဖြိုးရေး ပူးတွဲလုပ်ဆောင်ဖို့ သဘောတူထားတဲ့ နယ်မြေထဲမှာ တည်ရှိတာလို့ ကေအန်ပီပီရဲ့ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က ဘီဘီစီကို ပြောပါတယ်။

ဒီကျောင်းဖွင့်လှစ်ဖို့ စီစဉ်ရတာဟာ မြို့ပေါ်ကျောင်းသွားမတက်နိုင်ပဲ ပညာရေးတပိုင်းတစဖြစ်သွားတဲ့ ဒေသခံလူငယ်တွေအတွက် အဓိက အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တာဖြစ်ပြီး သက်မွေးဝမ်းကျောင်းမှု ပညာသင်ကြားရေးအစီစဉ်တွေကိုပါ ထည့်သွင်းဖို့ စီစဉ်ထားတာလို့ ခူးညေးရယ်က ပြောပါတယ်။

၂၀၁၂ ခုနစ် ကေအန်ပီပီနဲ့ အစိုးရတို့အကြား ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲထားစဉ်ကတည်းက ကယားပြည်နယ်အတွင်းက ဒီမောဆို ၊ ဖရူဆို ၊ ဘောလခဲ ၊ ရှားတော ၊ ဖာဆောင်း မြို့နယ်တွေမှာ ကေအန်ပီပီရဲ့ ဖွံ့ဖြိုးရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းလုပ်ပိုင်ခွင့်အတွက် သဘောတူထားခဲ့တယ်လို့လည်း ခူးညေးရယ်က ပြောပါတယ်။

 ကရင်နီ KNPP ရဲ့ ဖွံ့ဖြိုးရေးကျောင်း တည်ဆောက်မှု ရပ်ဆိုင်းရန် ပြည်နယ်အစိုးရ ညွှန်ကြား
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တော်တော်များများရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းမှုပုံစံတွေအရ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး စတဲ့ဌာနတွေလည်း သီးခြားရှိကြသလို အပစ်မရပ်ခင်ကာလတွေမှာလည်း သူတို့နယ်မြေတွေအတွင်း သူတို့ဌာနတွေအလိုက် သီးခြားအစီအစဉ်တွေနဲ့ မူဝါဒချမှတ် ဆောင်ရွက်တာတွေ ရှိကြတယ်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်လေ့လာနေသူက ပြောပါတယ်။

အန်စီအေနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာလည်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တဖွဲ့ချင်းအလိုက် အပစ်ရပ်စဲရေးစာချုပ်တွေမှာ သဘောတူထားတဲ့ အချက်တွေကို အကောင်ထည်ဖော်ဖို့ ဆိုတာပါဝင်ပေမဲ့ အန်စီအေ လက်မှတ်ထိုးပြီးမှ အကောင်ထည်ဖော်ပေးရမလား ဒါမှမဟုတ် မထိုးသေးပဲ တဖွဲ့ချင်းအပစ်ရပ်စာချုပ်နဲ့ ရပ်တည်နေသူတွေကလည်း တိုက်ပွဲနဲ့ ပစ်ခတ်တိုက်ခိုက်မှု မရှိသလောက် နည်းပါးတဲ့အတွက် ဘယ်လို အကောင်ထည်ဖော်ပေးရမလဲဆိုတဲ့အချက်တွေအပေါ် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ဝိဝါဒကွဲပြားမှုတွေလည်း ရှိနေတယ်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်လေ့လာနေသူတွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကရင်နီ ဖွံ့ဖြိုးရေးကျောင်း တည်ဆောက်မှု ရပ်ဆိုင်းဖို့ ပြည်နယ်အစိုးရ ညွှန်ကြား ကရင်နီ ဖွံ့ဖြိုးရေးကျောင်း တည်ဆောက်မှု ရပ်ဆိုင်းဖို့ ပြည်နယ်အစိုးရ ညွှန်ကြား Reviewed by THITHTOOLWIN on 16:52 Rating: 5
Powered by Blogger.