အလုပ်ရှင်နဲ့ အလုပ်သမားတွေ တင်ပြတဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထား ကွာဟ

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂ ရက်နေ့က နေပြည်တော်မှာကျင်းပစဉ်။ Photo: Win Ko Ko Latt/RFA
အနည်းဆုံးအခကြေးငွေနှုန်းထားအသစ် သတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ တင်ပြတဲ့ နှုန်းထား နှစ်ခုကြား ကွာဟမှုတွေရှိနေတာကြောင့် အစိုးရအတွက် စိန်ခေါ်မှုဖြစ်နေတယ်လို့ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဌ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာကော်မတီက အလုပ်သမားအဖွဲ့အစည်းတွေ၊ အလုပ်ရှင်တွေနဲ့ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံခဲ့ရာမှာ နှစ်ဘက်သဘောထား တင်ပြချက်တွေနဲ့ပတ်သက်ပြီး အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောပါတယ်။

"တစ်ချို့အလုပ်သမားကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်တွေလည်း တော်တော်ကောင်းပါတယ်။ အလုပ်ရှင်တွေ တကယ်ပဲအခက်အခဲဖြစ်နေတာလား၊ အခက်အခဲရှိနေတဲ့ကိစ္စကို သူတို့အနေနဲ့ ပွင့်ပွင့် လင်းလင်းပြောပြစေချင်တာပေါ့၊ ပွင့်ပွင့်လင်းလင်းသာ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးမယ်ဆိုရင် သူတို့က လျော့မယ်ဆိုလည်း လျော့ပေးနိုင်တယ်ဆိုတဲ့ဟာမျိုးတွေ ပြောတဲ့ အလုပ်သမားကိုယ်စားလှယ်တွေ လည်းပါပါတယ်၊ ဒါလေးတွေကလည်း ပြောမယ်ဆိုရင်တော့ ဇွတ်ကြီးတော့ ပြောနေကြတာမဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ယူရမယ်ဆိုတာမျိုးပြောတဲ့အတွက် ညှိရမယ့်သူတွေအတွက် တော့ နည်းနည်းလေးတော့ အခွင့်အရေးကောင်းတယ်လို့ပြောလို့ရတာပေါ့"

အလုပ်သမားအဖွဲ့အစည်းတွေဘက်က ကျပ် ၅၆၀၀ ကနေ ၆၆၀၀ ကြား တင်ပြထားပြီး အလုပ်ရှင်တွေဘက်တော့ ကျပ် ၄ထောင် ခန့်သာ သတ်မှတ်ပေးဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

အလုပ်ရှင်တွေဖက်က အခွန်ပေးဆောင်ရတာတွေ၊ လျှပ်စစ်မီးအခက်အခဲ၊ မြေဈေးကြီးမြင့်မှုတွေကြောင့် အလုပ်သမားတွေတောင်းဆိုတဲ့နှုန်းထားကို ပေးဖို့ အခက်အခဲရှိနေတယ်လို့ တင်ပြထားကြောင်း ဦးမျိုးအောင်ကပြောပါတယ်။

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာကော်မတီဟာ ဒီလထဲမှာပဲ မန္တလေးမှာရှိတဲ့ အလုပ်သမား အဖွဲ့အစည်းတွေ၊ အလုပ်ရှင်တွေနဲ့ တွေ့ဆုံသွားဦးမယ်လို့ သိရပါတယ်။

အနည်းဆုံးလုပ်ခလစာနှုန်းထားအသစ်ကို လာမယ့်နှစ် မေလလောက်မှာ အတည်ပြုနိုင်ဖို့ ခန့်မှန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
အလုပ်ရှင်နဲ့ အလုပ်သမားတွေ တင်ပြတဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထား ကွာဟ အလုပ်ရှင်နဲ့ အလုပ်သမားတွေ တင်ပြတဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထား ကွာဟ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.