အာဂျင်တီးနား ရေငုပ်သင်္ဘောအတွက် မျှော်လင့်ချက် ပျက်ပြား

 ရေငုပ်သင်္ဘောပေါ်ပါ အမှုထမ်းတွေရဲ့ မိသားစုတွေ ဖြေမဆည်နိုင် ဖြစ်သွားခဲ့ရ
ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့က ပျောက်ဆုံးသွားတဲ့ အာဂျင်တီးနား ရေငုပ်သင်္ဘော ပျောက်ဆုံးသွားတဲ့ နေရာနားမှာ ပေါက်ကွဲမှု တခု ဖြစ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း အာဂျင်တီးနား ရေတပ်က ပြောပါတယ်။

ပေါက်ကွဲသံ ကြားရတဲ့ အချိန်တဝိုက်မှာပဲ အဲဒီ San Juan ရေငုပ်သင်္ဘော ဆီက နောက်ဆုံး ပို့လိုက်တဲ့ အချက်ပြ သတင်းပို့ချက်ကို လက်ခံရခဲ့ပြီး အဲဒီ အချက်ပြ သတင်းပို့ချက်ထဲမှာ "ပြင်းထန်၊ တိုတောင်း၊ နျူကလီးယား မဟုတ်" ဆိုပြီး ဖေါ်ပြထားတယ်လို့ အာဂျင်တီးနား ရေတပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ရေငုပ်သင်္ဘောပေါ်မှာ ဆိုးဝါးတဲ့ ချွတ်ချော်မှုကြီးတခု ဖြစ်ခဲ့ပုံရပြီး သင်္ဘောပေါ်ပါ အမှုထမ်း ၄၄ဦးကို အသက်ရှင်ရက် ပြန်ကယ်နိုင်ဖို့ မျှော်လင့်ချက် သိပ်မရှိတော့ဘူးလို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

နျူကလီယား ပေါက်ကွဲမှုတွေကို စောင့်ကြည့် အသံဖမ်းယူနေတဲ့ CTBOT ကျယ်ပြန့်တဲ့ နျူကလီယား စမ်းသပ်မှု တားဆီးရေး သဘောတူချက်ဆိုင်ရာ အေဂျင်စီအဖွဲ့က ဒီပေါက်ကွဲသံကို ဖမ်းယူမိခဲ့တာပါ။

အဲဒီသတင်းကြောင့် ရေငုပ်သင်္ဘောပေါ်ပါ အမှုထမ်းတွေရဲ့ မိသားစု ဆွေမျိုးတွေက အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၈ရက်လုံးလုံး မာ ဒီ ပလက်တာ မြို့က ရေတပ်စခန်းမှာ သူတို့ လာစောင့်နေကြတာပါ။

သူတို့ကို အာဂျင်တီးနား အစိုးရက မျှော်လင့်ချက် အတုတွေ ပေးပြီး လိမ်လည် ဖုံးကွယ်ထားတယ် ဆိုပြီး တချို့က စွပ်စွဲ ပြောခဲ့ကြပါတယ်။

တချို့ကတော့ အာဂျင်တီးနား တပ်မတော်ထဲမှာ ရင်းနှီးမြှုပ်နှံမှု မရှိပဲ အဂတိလိုက်စားမှု တွေ ရှိနေတာကြောင့် ဒီရေငုပ်သင်္ဘော ဘေးကင်းစိတ်ချရမှု မရှိတာဆိုပြီး ပြစ်တင် ပြောခဲ့ကြပါတယ်။

အဲဒီလို ပေါက်ကွဲသံ ကြားရတယ်လို့ အာဂျင်တီးနား ရေတပ် က ထုတ်ဖော် ကြေညာလိုက်ပေမယ့် လောလောဆယ်မှာ တောင်အတ္တလန်တစ် သမုဒ္ဒရာမှာ နိုင်ငံတကာ က ပင်လယ်ပြင်ထဲမှာရော ဝေဟင်ကနေပါ အဲဒီ ရေငုတ်သင်္ဘောကို လိုက်လံ ကူညီ ရှာဖွေမှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အာဂျင်တီးနား ရေငုပ်သင်္ဘောအတွက် မျှော်လင့်ချက် ပျက်ပြား အာဂျင်တီးနား ရေငုပ်သင်္ဘောအတွက် မျှော်လင့်ချက် ပျက်ပြား Reviewed by THITHTOOLWIN on 11:19 Rating: 5
Powered by Blogger.