ဟူတီသူပုန်ခေါင်းဆောင် ၄ဝ ဦး အကြောင်း သတင်းပေးပါက ဆုငွေ ဒေါ်လာ သန်း ၄ဝဝ ပေးမည်ဟု ဆော်ဒီ အစိုးရပြော

ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ ဟူတီသူပုန်ခေါင်းဆောင် ဓာတ်ပုံကို ကိုင်မြှောက်၍ ဆန္ဒပြနေစဉ်(ဆင်ဟွာ)
    ရီယာ့ဒ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

    ဆော်ဒီအာရေးဗီးယားနိုင်ငံက ယီမင်နိုင်ငံရှိ ဟူတီ(Houthi) စစ်သွေးကြွ သူပုန်အဖွဲ့ မှ ခေါင်းဆောင် ၄ဝ ဦး၏ သတင်းအချက်အလက်များကို ပေးပို့ လာပါက ဆုကြေးငွေ အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ခန့် ကို ပေးအပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်ဟု ဆော်ဒီသတင်းအေဂျင်စီက ဆိုသည်။

အဆိုပါ သူပုန်ခေါင်းဆောင်များကို ဖမ်းဆီးမှုပြုလုပ်ရန် (သို့ မဟုတ်) ၄င်းသူပုန်ခေါင်းဆောင်များ တည်ရှိသည့်နေရာအား သတင်းပေးခြင်း တို့ ကို ပြုလုပ်ပေးသူများအား ဆုငွေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟူတီသူပုန်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုတိုးမြှင့်လာခြင်း နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ လုံခြုံရေးကို အဆက်မပြတ်ထိခိုက်လာခြင်းတို့ ကြောင့် ယခုကဲ့သို့ ဆုကြေးငွေ ထုတ်ပြန်လိုက်ရခြင်းဖြစ်ကြောင်း ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

၎င်းထုတ်ပြန်ချက်ထဲတွင် ဟူတီ ၊ အီရန် နှင့် ဟစ်ဇ်ဘိုလာ တို့ သည် ပဲ့ထိန်းဒုံးကျည်များကို အသုံးပြု၍ ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ ပိုင်နက်နယ်မြေကို တိုက်ခိုက်မှုပြုလုပ်နေကြောင်း စွပ်စွဲ ဖော်ပြထားသည်။

ယီမင်နိုင်ငံမှ ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာ့ဒ်မြို့ သို့ ချိန်ရွယ်ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့် တားခဲ့ရကြောင်း ဆော်ဒီအာရေးဗီးယားလေတပ်က နိုဝင်ဘာလ ၅ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ၄င်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံက ဦးဆောင်သော အဖွဲ့ ဝင် ၁ဝ နိုင်ငံပါဝင်သည့် ညွန့် ပေါင်းတပ်ဖွဲ့ သည် ယီမင်ပြည်တွင်းစစ်အတွင်း ၂ဝ၁၅ ခုနှစ် မတ်လမှ စတင်၍ ဝင်ရောက်စွက်ဖက်ကာ နိုင်ငံတကာက အသိအမှတ်ပြုထားသော ယီမင်သမ္မတ Abd Rabbu Mansour Hadi အား ဆန့် ကျင်တိုက်ခိုက်နေသည့် အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ရှီယိုက်ဟူတီ သူပုန်များအား တိုက်ခိုက်နေခြင်းဖြစ်သည်။ ၄င်းဟူတီသူပုန်များသည် ယီမင်နိုင်ငံမြို့ တော် ဆန်နာ(Sanaa ) နှင့် နိုင်ငံမြောက်ပိုင်းရှိ အခြားမြို့ ပေါင်းများစွာကိုလည်း သိမ်းပိုက်ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဟူတီသူပုန်ခေါင်းဆောင် ၄ဝ ဦး အကြောင်း သတင်းပေးပါက ဆုငွေ ဒေါ်လာ သန်း ၄ဝဝ ပေးမည်ဟု ဆော်ဒီ အစိုးရပြော ဟူတီသူပုန်ခေါင်းဆောင် ၄ဝ ဦး အကြောင်း သတင်းပေးပါက ဆုငွေ ဒေါ်လာ သန်း ၄ဝဝ ပေးမည်ဟု ဆော်ဒီ အစိုးရပြော Reviewed by THITHTOOLWIN on 15:59 Rating: 5
Powered by Blogger.