တောဆင်ရိုင်း အကောင် ၂ဝ ကျော် စပါးစိုက်ခင်းနှင့် ကြံစိုက်ခင်းများ ဝင်ရောက် စားသောက်


တိုက်ကြီး နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် သဲဝါကျေးရွာနှင့် သနပ်ချောင်းကျေးရွာအကြား စပါးစိုက်ခင်းနှင့် ကြံစိုက်ခင်း များကို နိုဝင်ဘာ ၂၁ ရက် ည ၁ဝ နာရီခန့်က တောဆင်ရိုင်း ကြီးငယ် အကောင် ၂ဝ ကျော် ဝင်ရောက်၍ စားသောက် သွားခဲ့ကြောင်း သဲဝါကျေးရွာနေ ဦးအက်ကဘားက ပြောသည်။

 တောဆင်ရိုင်းများသည် ညအခါ အုပ်စုလိုက် တက်လာပြီး စပါးခင်းများကို ဝင်ရောက်စားသောက်သဖြင့် သဲဝါကျေးရွာ ဦးအက်ကဘား၏ စပါခင်း လေးဧက၊ ဦးလှမြင့်၏ စပါးခင်း လေးဧက၊ ဦးအာမင်း၏ ရိတ်သိမ်းပြီး စပါးများကို စားသောက်သွားသည့်အပြင် ဦးလှမြင့်၏ ကြံခင်း ခုနစ်ဧကနှင့် အနီးအနား ကြံခင်း ခြောက်ဧက ကိုလည်း ဝင်ရောက် စားသောက်သွားသည့်အတွက် စပါးခင်းများနှင့် ကြံစိုက်ခင်းများ ပျက်စီးသွားကြောင်း ဦးလှမြင့်ထံမှ သိရသည်။

နိုဝင်ဘာ ၂၁ ရက် ည ၁ဝ နာရီက တောဆင်ရိုင်း အကောင် ၂ဝ ကျော်ကို သဲဝါကျေးရွာမှ ထွန်စက် သုံးစီး၊ မော်တော်ယာဉ် တစ်စီးတို့ဖြင့် မီးထိုးပြီး စက်များနှိုးကာ အသံပေးခြင်း၊ ရွာသားများ ဝိုင်းဝန်း ညာသံပေးခြင်းဖြင့် ဆင်များကို မောင်းထုတ်ခဲ့ကြောင်း ဦးအက်ကဘားက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် စပါးပေါ် ချိန်၊ ကြံခုတ်ချိန်များတွင် ညအခါ တောဆင်ရိုင်းများ ဝင်ရောက် စားသောက်လေ့ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ထွန်းလှိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောဆင်ရိုင်း အကောင် ၂ဝ ကျော် စပါးစိုက်ခင်းနှင့် ကြံစိုက်ခင်းများ ဝင်ရောက် စားသောက် တောဆင်ရိုင်း အကောင် ၂ဝ ကျော် စပါးစိုက်ခင်းနှင့် ကြံစိုက်ခင်းများ ဝင်ရောက် စားသောက် Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.