နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်း မြို့သို့ ရောက်ရှိ


ပေကျင်း နိုဝင်ဘာ ၃၀

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရောက်ရှိ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီအဖွဲ့ဝင် နှင့် အထွေထွေအတွင်းရေးမှူး Mr. Liu Huiyan ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်၊ မြန်မာသံရုံးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကူမင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မော်တော်ယာဉ်များဖြင့် ခေတ္တ နားနေမည့် ကူမင်းမြို့ Hai Geng Garden Hotel သို့ ရောက်ရှိရာ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး မစ္စတာ Chen Hao နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယူနန် ပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး Mr. Chen Hao တို့သည် မှတ်တမ်းတင်ဓာတ် ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Chen Hao ကတည်ခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့တက်ရောက်သည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးနှင့် အတူ ကူမင်းမြို့မှ အထူး လေယာဉ်ဖြင့် ထွက်ခွာပြီး ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ပေကျင်းအပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယ၀န်ကြီး မစ္စတာ ကောရဲ့ကျိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ် တင့်ဆန်း၊ မြန်မာသံရုံးနှင့်စစ်သံရုံးဝန်ထမ်းများ နှင့်တာဝန်ရှိသူများက ပေကျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် ပေကျင်းမြို့ရှိ ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာသို့ရောက်ရှိသည်။

ယင်းနောက် ဒေသစံတော်ချိန် ည ၇ နာရီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး Mr. Song Tao ကတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့တက်ရောက်သည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်း မြို့သို့ ရောက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်း မြို့သို့ ရောက်ရှိ Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.