မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းဆာကျေးရွာအုပ်စု ညောင်ပန်လှကျေးရွာက မိုင်းနင်းမိပြီး ဒဏ်ရာရသူကို တွေ့ရစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းဆာကျေးရွာအုပ်စု ညောင်ပန်လှကျေးရွာက နိုဝင်ဘာလ ၄ ရက်နေ့မနက်က ကျွဲကျောင်းသွားစဉ် မိုင်းနင်းမိတာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျွဲကျောင်းသွားသူ ၆ ဦးထဲမှာ သေဆုံးသူက မိုင်းကို အရင်ဆုံး နင်းမိတာဖြစ်တယ်လို့ ချောင်းဆာကျေးရွာသား တစ်ဦးက ပြောပါတယ်။

"သေသွားတာကတော့ သူကအရင်ဆုံးနင်းမိတာ၊ သူတို့က ၆ ယောက်သွားတာ၊ ၃ ယောက်က နောက်မှာကျန်ခဲ့ တယ်၊ သူတို့ဖြစ်တာက ၁၁ နာရီခွဲလောက်ဖြစ်တယ်လေ၊ ၁၂ နာရီလောက်မှ ရွာကလူတွေသွားထမ်းတာပါ"

လားရှိုးဆေးရုံကို ရောက်ရှိနေသူ ၂ ဦးထဲမှာ တစ်ဦးက လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာ ရရှိထားပြီး အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးကတော့ ၀မ်းဗိုက်မှာ အနည်းငယ်ဒဏ်ရာရထားပါတယ်။

နမ္မတူမြို့နယ်နဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နဲ့ မန်တုံမြို့တွေမှာ မိုင်းနင်းမိပြီး လူသေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေ အခုနောက်ပိုင်းမှာ ပိုများလာပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ် အထက်မန်လွယ်ရွာ ရန်ကင်းတောင်ဘုရားအနီးမှာ လက်ဖက်ခြံကိုသွားတဲ့ အမျိုးသမီးငယ်တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။ နမ္မတူမြို့နယ်၊ နမ့်ဆန်မြို့၊ မန်တုံမြို့တစ်ဝိုက်ဟာ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ တပ်မတော်စစ်ကြောင်းတွေ အဓိက လှုပ်ရှားတဲ့နေရာတွေ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.