မုံရွာမြို့နယ်၊ ဖန်းခါးကျင်းကျေးရွာအနီး ရေနံချက်ဖို မီးလောင်မှု ဖြစ်ပွား


မုံရွာ နိုဝင်ဘာ ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ဖန်ခါးကျင်းကျေးရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာရှိ ရေနံချက်ဖိုတွင် မီးလောင်ကျွမ်းမှုတစ်ခု နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ မုံရွာမြို့နယ် ဖန်ခါးကျင်းကျေးရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာ ကွင်းအမှတ် (၃၁၃- ဘုရားလေးကွင်း)တွင် တည်ဆောက်ထားသော ပိုင်ရှင်ဦးအောင်အောင်၏ ကမ္ဘာကျော် ရေနံချက်ဖိုတွင် မန်နေဂျာ ဦးဖေသန်း (ဘ) ဦးဖိုးထွန်း (ဖန်ခါးကျင်းကျေးရွာ၊မုံရွာမြို့နယ်) သည် ရေနံဖို(၃)ဖိုတွင် ရေနံချက် လုပ်ရန်အတွက် နံနက်(၄)နာရီခန့်တွင် မီးဖိုခဲ့ပြီး (၄)နာရီခွဲခန့်တွင် မီးထိုးထားသည့် အပူရှိန်ကြောင့် ဆီကျကန် ဆီအငွေ့မှတဆင့် မီးစတင် လောင်ကျွမ်း မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းရေနံချက်ဖိုသို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေး ဦးစီးပြီး မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးညီညီဇော်နှင့် သန္ဓေတပ်ဖွဲ့ဝင်(၃ဝ)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၇ဝ)ဦး တို့က မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ် စုစုပေါင်း (၁၂)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် (၆)နာရီ (၃၀) မိနစ် အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် ရေနံချက်ဖို(၃)ဖိုမှ ရေနံစိမ်းဂါလံ (၂၅ဝဝ)ခန့် ဆုံးရှုံးခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း၊ ရေနံချက်ဖိုအနီး မီးပေါ့ဆစွာ သုံးစွဲခဲ့သဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူမန်နေဂျာ ဦးဖေသန်းအားမုံရွာမြို့နယ် မြို့မရဲစခန်းမှ (ပ)၁ဝ၃၅/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ -၂၈၅ ဖြင့် အမှုဖွင့်ခဲ့ပြီး အရေးယူနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မုံရွာမြို့နယ်၊ ဖန်းခါးကျင်းကျေးရွာအနီး ရေနံချက်ဖို မီးလောင်မှု ဖြစ်ပွား မုံရွာမြို့နယ်၊ ဖန်းခါးကျင်းကျေးရွာအနီး ရေနံချက်ဖို မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 15:32 Rating: 5
Powered by Blogger.