ဒေါ်အောင်ဆန်းစုကြည် နဲ့ ကနေဒါ ဝန်ကြီးချုပ် ဆွေးနွေး

ဓါတ်ပုံ - Ministry of Foreign Affairs Myanmar 
ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ဂျတ်စတင်း ဒရူးဒို က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ မနေ့က တွေ့ဆုံခဲ့ကြရာမှာ ရိုဟင်ဂျာပြသနာအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ လူမျိုး၊ ဘာသာ၊ အယူဝါဒမျိုးစုံ အတူတကွနေထိုင်မှု ထွန်းကားရေးကို ကနေဒါနိုင်ငံက အားပေးကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အာရှ - ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံ APEC တက်ရောက်စဉ်ကာလအတွင်း ခေါင်းဆောင် ၂ ဦး ၄၅ မိနစ်ခန့် တွေ့ဆုံကြရာမှာ ရိုဟင်ဂျာတွေထွက်ပြေးခဲ့ကြရတဲ့ အကြောင်းရင်းနဲ့ အကြမ်းဖက်ပဋိပက္ခတွေ အကျယ်အပျံ့ ပေါ်ပေါက်ခဲ့ရခြင်းတွေကို အလေးအနက် ဆွေးနွေးခဲ့ကြတယ်လို့ ပါဝင်တက်ရောက်ခဲ့တဲ့ ကနေဒါနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Bob Rae ဘော့ ရေး က ပြောပါတယ်။

ဒါ့အပြင်သူက ခေါင်းဆောင် ၂ ဦး အခုလို ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခွင့်ရခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက်ရော မိမိတို့အတွက်ပါ အင်မတန် အကျိုးရှိတယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ် ပြသနာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အခက်အခဲ တွေကြားထဲကနေ သူမ အတတ်နိုင်ဆုံးလုပ်ဆောင်နေတယ်လို့ ရှုမြင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဖက်ကလည်း ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် သူမအနေနဲ့ ဒီထက်ပိုပြီးလုပ်သင့်တယ်၊ လုပ်လည်း လုပ်နိုင်တယ်ဆိုတဲ့ အမြင်ရှိပါတယ်လို့ အထူးကိုယ်စားလှယ် ဘော့ရေး က ပြောပါတယ်။

ဒီအတောအတွင်း ကနေဒါ လူ့အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင်တဦးဖြစ်တဲ့ Fareed Khan ဖာရီးဒ် ခန် ဆိုသူက ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ဂုဏ်ထူးဆောင်ကနေဒါနိုင်ငံသူဆုကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုရေးအတွက် လက်မှတ် လေးသောင်းလေးထောင်ကျော် စုဆောင်းရရှိပြီလို့ ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတပ်မတော်ခေါင်းဆောင်တွေကို လူသားအဖြစ်ရပ်တည်မှုနဲ့ စစ်ရာဇဝတ်မှု ဆိုင်ရာဥပဒေတွေနဲ့ အရေးယူဖို့လည်း ကနေဒါအစိုးရကို သူကတိုက်တွန်းနေတယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဒေါ်အောင်ဆန်းစုကြည် နဲ့ ကနေဒါ ဝန်ကြီးချုပ် ဆွေးနွေး ဒေါ်အောင်ဆန်းစုကြည် နဲ့ ကနေဒါ ဝန်ကြီးချုပ် ဆွေးနွေး Reviewed by THITHTOOLWIN on 07:51 Rating: 5
Powered by Blogger.