ဆိုလာမီးတပ်ဆင်ပေးမယ်ဆိုပြီး ငွေလိမ်လည်သူ ၅ ဦးကို ဖမ်းဆီး

နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတစ်ချပ်ကို တွေ့ရစဉ် / Photo: www.stlouiscountymn.gov
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆိုလာမီး တပ်ဆင်ပေးမယ်ဆိုပြီး ထောင်နဲ့ချီတဲ့ အိမ်ထောင်စုတွေဆီကနေ ငွေကြေးလိမ်လည်သူ ၅ ဦးကို လပွတ္တာမြို့မရဲစခန်းမှာ ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လပွတ္တာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှ က ဒီနေ့ ပြောပါတယ်။

ဒေသခံ လူမှုရေးအဖွဲ့တစ်ဖွဲ့ကို အသုံးချပြီး ရွာတွေမှာ စည်းရုံးပြီး ငွေတွေကောက်ခံသွားတာဖြစ်တယ်လို့ လိမ်လည်သူတွေကို ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ လပွတ္တာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှ က ပြောပါတယ်။

"ဒေသခံ လမ်းပြကြယ်ဆိုတဲ့ NGO အဖွဲ့လေးတစ်ဖွဲ့ရှိတယ်၊ လပွတ္တာထဲမှာလေ၊ အဲဒီအဖွဲ့လေးကို သူတို့က အသုံးချတဲ့သဘောရှိတယ်၊ အဖွဲ့လေးက သိတဲ့ကျွမ်းတဲ့သူတွေကို ခေါ်သွားပြီးတော့ ရွာတွေကိုဆင်း စည်းရုံးပြီးတော့ ငွေကောက်တာတွေ၊ ၅ ထောင်ကောက် တစ်ချို့လည်း တစ်သောင်းပေါ့လေ၊ အဲလိုမျိုးလေးတွေ၊ ဆိုလာမီးထွန်းလို့ရတဲ့တစ်စုံပေါ့၊ ၃ သိန်းလောက်ရှိမယ်၊ အဲဒါပေးမယ်ဆိုတဲ့သဘောနဲ့ သူတို့က ကောက်တယ်၊ စခန်းမှာ အဲဒီကိစ္စစစ်ဆေးနေတယ်"

ဖမ်းဆီးထိန်းသိမ်းထားသူ ၅ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀၊ ၄၆၈ နဲ့ ၁၁၄ တို့နဲ့ တရားစွဲဆိုပြီး ဖမ်းဆီးထားတာဖြစ်ပါတယ်။

လိမ်လည်သူတွေက သူတို့ကိုယ်တိုင်လုပ်ပေးမှာမျိုးမဟုတ်ဘဲ အရင်က နာမည်ပျက် စာရင်းအသွင်းခံထားရတဲ့ ကုမ္ပဏီတွေက တာဝန်ယူလုပ်ကိုင်ပေးမှာဖြစ်ကြောင်း ပြောဆိုပြီး အိမ်ထောင်စုတစ်စုကို ငွေကျပ် တစ်သောင်းနှုန်းနဲ့ ကောက်ယူတာဖြစ်တယ်လို့ ဦးထွန်းလှ က ပြောပါတယ်။

အဲဒီလိုငွေလိမ်လည်သူ ၅ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ညက လပွတ္တာမြို့နယ်၊ ဓမင်းချောင်းလေး ကျေးရွာမှာ ဖမ်းမိခဲ့တာဖြစ်ပြီး လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး စစ်ဆေးနေတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေး က ပြောပါတယ်။

အလားတူပုံစံမျိုး ကျေးရွာတွေမှာ ဆိုလာမီးတွေတပ်ဆင်ပေးမယ်ဆိုပြီး ငွေလိမ်လည်မှုတွေဟာ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မေးမြန်းစုံစမ်းသင့်ကြောင်း ဦးဝင်းဌေး က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဆိုလာမီးတပ်ဆင်ပေးမယ်ဆိုပြီး ငွေလိမ်လည်သူ ၅ ဦးကို ဖမ်းဆီး ဆိုလာမီးတပ်ဆင်ပေးမယ်ဆိုပြီး ငွေလိမ်လည်သူ ၅ ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.