မိုင်းရှူး – မိုင်းနောင် ကားလမ်းတောင်ဘက်ခြမ်း SSPP/SSA တပ်များဆုတ်ပေးရန် အစိုးရတပ်ညွှန်ကြား


မိုင်းရှူး – မိုင်းနောင် ကားလမ်းတောင်ဘက်ခြမ်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်များ အားလုံး ဆုတ်ပေးရန် အစိုးရတပ်မတော် အမှတ် ၁ ဒေသကွပ်ကဲရေး ဌာနချုပ် (စကခ) မှ ညွှန်ကြားထားမှုကြောင့် နှစ်ဘက်စစ်ရေးပြန်လည်တင်းမာလာသည်ဟုသိရသည်။

“မိုင်းရှူး – မိုင်းနောင် ကားလမ်းတောင်ဘက်ခြမ်း မှာ ကျနော်တို့တပ်ရှိနေလား၊ ရှိရင် အထက်ညွှန်ကြား ချက်အရ ဆုတ်ပေးပါလို့ပြောလာတယ်။ စကခ ၁ မိုင်းနောင် စရဖ ၊ မိုင်းရှူး မှာ ရှိတဲ့ စရဖ အရာ ရှိရောဘဲ အထက်အမိန့်အရ ဆိုပြီး တပ်ဆုတ်ပေးဖို့ပြောလာတယ်” – ဟု ဌာနချုပ်အရာရှိတဦး က ပြောသည်။

အစိုးရတပ်မတော်သည် ဒေသအတွင်း လမ်းဖေါက်လုပ်ရေးစီမံကိန်းဖြင့် မိုင်းရှူး – တန့်ယန်း လမ်းမ မှတဆင့် ဝမ့်လွယ်၊ လွယ်နိုင်း၊ တာ့ဝန်းနောင်း (သံလွင်မြစ်ကူးတို့ဆိပ်) လမ်း ပေါ်ရှိ SSPP/SSA တပ်များ ဆုတ်ပေးရန် အောက်တိုဘာ လဆန်းပိုင်းမှစ၍ ပြောကြားလာသည်။

“ဒီလလယ်ပိုင်းကစပြီး ဒီမိုင်းရှူးမှာ ရှိတဲ့ အစိုးရတပ် တွေက သူတို့ တပ်ရှေ့ ခံတုတ်ကျင်းတွေ၊ ပန်ကာ ကျင်းတွေ ပြန်လည်ပြင်ဆင်တယ်။ အသစ်ထပ်တူးတာတွေလဲတွေ့တယ်၊ ဒီလိုလုပ်ရင် အမြဲ ထူးခြားတတ်တယ်” – ဟု တပ်ရင်း အနီးတွင်နေထိုင်သည့် မိုင်းရှူးဒေသခံ တဦးကပြောသည်။

သျှမ်းပြည်တပ်မတော် ဌာနချုပ် ပြန်ကြားရေးတာဝန်ရှိ တဦးက – “တပ်မတော်ကနေ တပ်အင်အား အလုံး အရင်းဖြည့်တာတွေတော့မရှိသေးပါဘူး” – ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

“အခု က မိုင်းနောင်၊ မိုင်းရှူးကနေ ဝမ့်ဟိုင်းကို သွားတဲ့ လမ်း နမ့်ကတ် ဂိတ်စခန်းမှာ အစိုးရတပ်က တအားကြပ်မတ်စစ်ဆေးနေတယ်။ မှတ်ပုံတင်ရှိရင်တမျိုး၊ မရှိရင်တမျိုး၊ ဗမာစကားပြောတတ်ရင် တမျိုး၊ မပြောတတ်ရင်တမျိုး။ ခေါ်ယူစစ်ဆေးနေတယ်။ လမ်းသွားလမ်းလာတွေကို။ စနေနေ့က ကျမ တို့ကို တအားစစ်တယ်။” – ဟု လားရှိုးရောက် မိုင်းရှူးမြို့ဒေသ ခံ ဒေါ်နန်းရွှေအိမ်ကပြောသည်။

မိုင်းရှူးမြို့နေ တော်လှန်ရေးသမား ဟောင်းတဦးဖြစ်သည့် လုံးစိုင်းမန် က – “တပ်အင်အားမဖြည့်လို့ တိုက်ပွဲမဖြစ်နိုင်ဘူး ဆိုတာတော့မဟုတ်ပါဘူး။ တိုက်ပွဲလုပ်မယ်ဆိုရင် ဒီမှာရှိနေတဲ့ အခြေချ လှုပ်ရှားတပ်နဲ့ လုပ်နိုင်တဲ့အနေအထားရှိတယ်” – ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် အနီး ပတ်ဝန်းကျင်တွင် မိုင်းရှူးမြို့ စစ်ဗျူဟာလက်အောက်ခံ တပ်ရင်း ၃ ရင်း၊ မိုင်းနောင်မြို့အခြေစိုက် စကခ မှူးလက်အောက်ခံ တပ်ရင်း ၁၀ ရင်း၊ ကျေးသီးမြို့တွင် တပ်ရင်း ၃ ရင်း၊ မိုင်းရယ်မြို့နယ် နမ့်ပုတ် အခြေချ စစ်ဗျူဟာ မှူးလက်အောက်ခံတပ်ရင်းသုံးရင်း၊ တန့်ယန်းမြို့ စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်းသုံးရင်း အခြေချ နေထိုင်လုပ်ရှားသည်။

၂၀၀၉ ခု မှစ၍ ယခုနှစ် ၂၀၁၇ အတွင်း ပွင့်လင်းရာသီရောက်တိုင်း အစိုးရတပ်မတော်မှ အဆိုပါဒေသ အတွင်း အမြဲ ထိုးစစ်ဆင်တိုက်ခိုက်လေ့ရှိသည်။ ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ဒေသခံများ ကောက်မ သိမ်း နိုင်ခြင်း၊ နေအိမ်ရပ်ရွာမှ ထွက်ပြေးတိမ်းရှောင်ရခြင်း၊ ခြံထွက်သီးနှံများ အိမ်မွေးတိရစ္ဆာန်များ သေကျေ ပျက်စီးဆုံးရှုံးခြင်းများ ကြုံတွေ့ရသည်။ ၂၀၁၅ ခု အတွင်း ဆင်နွဲသည့်တိုက်ပွဲများကြောင့် ယနေ့တိုင် ဒေသခံများနေရပ်မပြန်နိုင်သေးဘဲ ဟိုင်းပါရွာတွင် နေထိုင်လျှက်ရှိနေပါသည်။

သျှမ်းသံတော်ဆင့်/ဟွမ်ဟိန်း
http://burmese.panglong.org
မိုင်းရှူး – မိုင်းနောင် ကားလမ်းတောင်ဘက်ခြမ်း SSPP/SSA တပ်များဆုတ်ပေးရန် အစိုးရတပ်ညွှန်ကြား မိုင်းရှူး – မိုင်းနောင် ကားလမ်းတောင်ဘက်ခြမ်း SSPP/SSA တပ်များဆုတ်ပေးရန် အစိုးရတပ်ညွှန်ကြား Reviewed by THITHTOOLWIN on 15:19 Rating: 5
Powered by Blogger.