အစိုးရတပ်မှ တပ်ပြေးအား RCSS/SSA က ပြန်လည်လွှဲအပ်ပေး

ဓာတ်ပုံ- Panglong Burmese
အစိုးရ တပ်မတော်မှ ထွက်ပြေးလာခဲ့ပြီး အာစီအက်စ်အက်စ် စစ်ကြောင်းနဲ့တွေ့ခဲ့တဲ့ တပ်ပြေးတဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအဖွဲ့က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။
မိုင်းပန်မြို့ အခြေစိုက် တပ်ရင်းက ရဲဘော်အဆင့်ရှိတဲ့ သက်ဆွေဟာ သြဂုတ်လ ၁၁ ရက်နေ့က အ၀တ်အစား တချို့အပါအ၀င် လက်နက်နဲ့အတူ မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုနားက အာစီအက်စ်အက်စ် တပ်ဖွဲ့တွေထံ လက်နက်ချခဲ့တာပါ။

တပ်မတော်ထံ ပြန်လည်လွှဲအပ်ပေးတဲ့ အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့က လဲချားမြို့နယ် ပန်ဆန်းကျေးရွာအုပ်စု ၀မ်ပန်ကျေးရွာမှာ ကျင်းပခဲ့ပြီး ဒေသခံ ရပ်မိရပ်ဖတွေနဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေက သက်သေအဖြစ် အခမ်းအနားကို တက်ရောက်ခဲ့ကြတယ်လို့ လဲချားမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA ဟာ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး စာချုပ်ချုပ်ဆိုထားတဲ့ အဖွဲ့ဖြစ်ပေမဲ့ တပ်မတော်နဲ့ မကြာခဏ ထိတွေ့မှုတွေ ဖြစ်ပွားလေ့ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လည်းဖြစ်ပါတယ်။

အခုလို အစိုးရတပ်ဘက်က တပ်ပြေးကို အာစီအက်စ်အက်စ်က ပြန်အပ်ခဲ့ပေမဲ့ အစိုးရဘက်က ဖမ်းထားတဲ့ RCSS/SSA ရဲ့ ကေဒါ တပ်သား ၂ ဦးနဲ့ တပ်မတော်နဲ့ အာစီအက်စ်အက်စ် တိုက်ပွဲဖြစ်ပွားပြီးနောက် အဖမ်းခံရတဲ့ ဟိုပုံးဒေသခံအချို့ကတော့ တရားစွဲဆိုခံနေရတယ်လို့ သျှမ်းသံတော်ဆင့် သတင်းမှာ ဖော်ပြထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.facebook.com/bbcburmese/

အစိုးရတပ်မှ တပ်ပြေးအား RCSS/SSA က ပြန်လည်လွှဲအပ်ပေး အစိုးရတပ်မှ တပ်ပြေးအား RCSS/SSA က ပြန်လည်လွှဲအပ်ပေး Reviewed by THITHTOOLWIN on 14:17 Rating: 5
Powered by Blogger.