ရွှေတိဂုံဘုရား အနီးကနေ နှင်ထုတ်ခံခဲ့ရတဲ့ ငုံးဥသည်ကို NLD ပါတီ ဆေးစရိတ်လှူ

အစ္စလာမ်ဘာသာဝင် ဦးအောင်သန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို အမျိုးသမီးကော်မတီအဖွဲ့ အောက်တိုဘာလ ၁၂ ၇က်နေ့က ဆေးကုသဖို့ ငွေကျပ် ၇ သိန်းခွဲ လှူဒါန်းစဉ်။ Photo:National League for Democracy
ဘာသာခြားဖြစ်လို့ဆိုပြီး ရွှေတိဂုံဘုရားအနီးမှာ ငုံးဥပြုတ်ရောင်းချနေရာကနေ နှင်ထုတ်ခံခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင် ဦးအောင်သန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို အမျိုးသမီးကော်မတီအဖွဲ့က ဒီကနေ့ ဆေးကုသဖို့ ငွေကျပ် ၇ သိန်းခွဲ လှူဒါန်းလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ လှူဒါန်းတာဖြစ်ပြီး ဘာသာရေးကိစ္စမဟုတ်ဘဲ လူမှုရေးအရ ကျန်းမာရေးမကောင်းလို့ လှူတာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

"ရိုးရိုးပဲ စေတနာနဲ့ ကျန်းမာရေးမကောင်းဘူးဆိုတာသိလို့ ဆေးကုသဖို့အထောက်အပံ့ပေးတဲ့ သဘောပဲ ကျနော်လည်း ဒီနေ့ ပြောတယ်၊ ဒါဘာသာရေးကိစ္စမဟုတ်ဘူး ဒါလူမှုရေးသက်သက် စေတနာနဲ့ လုပ်တဲ့ဟာ မေးတာမီဒီယာတွေက စိတ်ဝင်စားမှုရှိနေတာသိတယ်၊ မေးလို့ရှိရင် ရှိတဲ့အတိုင်း အမှန်အတိုင်းပြော ကျနော် ဒါပဲပြောတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်၊ သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံဘုရားအရှေ့ဖက်မုခ်မှာ ငုံးဥပြုတ်ရောင်း ချခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ဦးအောင်သန်းကို ဘာသာမတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဟန်းနှစ်ပါးနဲ့ လူနှစ်ယောက်က နှင်ထုတ်ခဲ့တာပါ။ အဲဒီသတင်းဟာလည်း ရက်ပိုင်းအတွင်း လူမှုကွန်ရက်သတင်းမီဒီယာတွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဦးအောင်သန်းအတွက် ငွေကြေးသွားရောက် လှူဒါန်းသူတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဦးအောင်သန်းဟာ ရင်ကျပ်ရောဂါဒေဒနာကို ခံစားနေရသူဖြစ်ပြီး အစ်ကိုဖြစ်သူကလည်း ကျန်းမာရေး ချို့ယွင်းနေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ အလှူ​ငွေ​ပေးအပ်​ရာမှာ​ NLD ဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးဥာဏ်​ဝင်း၊ ဦးဟံသာမြင့်​ ၊ NLD ဗဟိုအမျိုးသမီး​ကော်​မတီဥက္ကဌ ​ဒေါက်​တာ​ဒေါ်​မေဝင်းမြင့်​နဲ့ အဖွဲ့ဝင်​တွေက​ ပေးအပ်ခဲ့ တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရွှေတိဂုံဘုရား အနီးကနေ နှင်ထုတ်ခံခဲ့ရတဲ့ ငုံးဥသည်ကို NLD ပါတီ ဆေးစရိတ်လှူ ရွှေတိဂုံဘုရား အနီးကနေ နှင်ထုတ်ခံခဲ့ရတဲ့ ငုံးဥသည်ကို NLD ပါတီ ဆေးစရိတ်လှူ Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.