KTV ဆိုင်သို့ လာရောက်သီဆိုသည့်ဧည့်သည်အဖွဲ့အား ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်​မှုဖြစ်​ပွား


မန္တလေးမြို့၊ ၃၄×၇၄လမ်းထောင့်ရှိ - - - KTVဆိုင်တွင် အောက်တိုဘာလ ၁၇ရက်နေ့ ည ၁၀နာရီအချိန်ခန့်က အဆိုပါ KTV အခန်းအမှတ်(H-1)၌ အခန်းငှါးရမ်း သီချင်းသီဆိုနေသည့် ဧည့်သည်အဖွဲ့နှင့် ဆိုင်ဝန်ထမ်းတို့ စကားများကာ ဆိုင်ဝန်ထမ်းများမှ ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှု ဖြစ်​ပွားခဲ့​ကြောင်း သိရသည်။

- - - KTVဆိုင်တွင် မန္တလေးမြို့သို့ အလည်အပတ်ရောက်ရှိနေသည့်ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်နေသူ အမျိုးသမီးတစ်ဦး ဦးဆောင်သော မိသားစုဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ဦး၊ စုစုပေါင်း ၉ဦးမှ အခန်းငှါးရမ်းကာ သီချင်းများသီဆိုနေစဉ် ဆိုင်ဝန်ထမ်း ၃ဦး ရောက်ရှိလာပြီး အချိန်ပြည့်ပြီဖြစ်၍ အခန်းမှထွက်ပေးရန်ပြောဆိုခဲ့ရာ လာရောက်သီဆိုသည့်အဖွဲ့မှ ဆက်ရှင်ထပ်ယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့ရာမှ အပြန်အလှန်စကားများခဲ့ကြခြင်းဖြစ်သည်ဟူ၍ ရဲမှတ်တမ်းများ၌ ဖော်ပြထားသည်။


ထိုသို့စကားများနေစဉ် ဆိုင်ဝန်ထမ်းများမှ ဦးဆောင်လာသူ အမျိုးသမီး၏သားဖြစ်သူကို ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ကြသဖြင့် ကျန်သူများမှ ဘာလို့အခုလိုလုပ်ရတာလဲဟု ပြောဆိုမေးမြန်းခဲ့ရာ ဆိုင်ရှိ အခြားဝန်ထမ်းများ ထပ်မံရောက်ရှိလာကာ ဧည့်သည်များကို တုတ်၊ တံမြက်စည်း၊ ပုလင်း၊ ခါးပတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ပြီး လက်သီး၊ ခြေထောက်များဖြင့် ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့သည်။

ဖြစ်စဉ်ကြောင့် ဦးဆောင်လာသူ ဧည့်သည် အမျိုးသမီး၊ ၎င်း၏ သားဖြစ်သူနှင့် ညီမဖြစ်သူတို့တွင် နာကျင်ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကာ မောင်တော်စပ်သူနှစ်ဦး၏ ဖုန်းဟန်းဆက် နှစ်လုံးနှင့် ငွေ ငါးသောင်းကျပ်တို့ ပျောက်ဆုံးခဲ့ရကြောင်း ဧည့်သည်အမျိုးသမီး၏ တိုင်တန်းပြောကြားချက်အရ သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ နာကျင်ဒဏ်ရာများရရှိအောင် ဝိုင်းဝန်းရိုက်နှက်ပြီး လက်သီး၊ ခြေထောက်များဖြင့် ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့ပြီး ဖုန်းဟန်းဆက်များပျောက်ဆုံးအောင်ပြုလုပ်ခဲ့သည့် ဆိုင်ဝန်ထမ်းများအား အရေးယူပေးရန် ဦးဆောင်သူအမျိုးသမီးမှ အမှတ်(၈)မြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရဲစခန်း(ပ)၄၈၇/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၄/၃၂၃/ ၁၁၄ ဖြင့် အမှုဖွင့်ထားရှိပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

photo: Phyo Min Khant/NN
( Ah Lin Nge )
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal/
KTV ဆိုင်သို့ လာရောက်သီဆိုသည့်ဧည့်သည်အဖွဲ့အား ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်​မှုဖြစ်​ပွား KTV ဆိုင်သို့ လာရောက်သီဆိုသည့်ဧည့်သည်အဖွဲ့အား ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.