![]() |
မြိတ်မြို့ မြင်ကွင်း |
ရန်ကုန်နဲ့ မြိတ်မြို့တွေမှာ ဖြစ်ခဲ့တဲ့ သီးခြား ဖြစ်စဉ် ၂ ခုက တရက်တည်း နာရီပိုင်းပဲ ခြားပြီး ဖြစ်ပွားခဲ့တာလို့ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်က ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။
ဖြစ်စဉ် တခုက မြိတ်မြို့ ကံပြားရပ်က ကမ္ဘောဇ မီနီဘဏ်ခွဲ (၁) မှာ နေ့လယ် ၂ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တာပါ။ ငွေအပ်သူ တဦးက ကောင်တာမှာ တင်ထားတဲ့ ငွေကျပ် သိန်း ၂၇၀ ဝန်းကျင်ရှိတဲ့ ငွေထုပ်ကို လူငယ် တယောက်က သေနတ်ပြပြီး လုယက်သွားတယ်လို့ ဆိုပါတယ်။
အနုကြမ်းစီးခဲ့သူကတော့ ဆိုင်ကယ်နဲ့ ထွက်ပြေးလွတ်မြောက်သွားပေမယ့် ဖြစ်စဉ် တခုလုံးကို ဘဏ်ရဲ့ စီစီတီဗီ လုံခြုံရေးမှတ်တမ်းမှာ ဖမ်းယူထားနိုင်ခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းကို ပေးပို့ကာ အမှုဖွင့်ထားတယ်လို့ ကမ္ဘောဇဘဏ်က ပြောပါတယ်။
နောက်ဖြစ်စဉ်တခုကတော့ ရန်ကုန်မြို့ ဘုရင့်နောင် ဘဏ်ခွဲရဲ့ ကားရပ်နားရာ နေရာမှာ နေ့လယ် ၁ နာရီ ဝန်းကျင် ဖြစ်ပွားခဲ့တာလို့ ဦးညိုမြင့်က ပြောပါတယ်။
စီးပွားကုမ္ပဏီ တခု ဘဏ်မှာ ငွေလာထုတ်ပြီး အပြန် ဘဏ်ရှေ့က ကားပါကင်နေရာမှာ အဲဒီ ကုမ္ပဏီရဲ့ ကားမောင်းသူက ငွေထုပ်ပါတဲ့ ကားကို မောင်းယူ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဖြစ်စဉ်မှာတော့ ကမ္ဘောဇဘဏ် အပါအဝင် အခြား ဘဏ်တွေက ထုတ်ယူထားတဲ့ ကုမ္ပဏီပိုင် ငွေတွေပါဝင်ပြီး လုယက်ခံရတဲ့ တန်ဖိုးကိုတော့ စိစစ်ဆဲလို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ကိုလည်း ကမ္ဘောဇဘဏ်က စီစီတီဗီမှာ မှတ်တမ်းရယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ရန်ကုန် ဖြစ်စဉ်ကိုတော့ ငွေလုခံရတဲ့ သက်ဆိုင်ရာ ကုမ္ပဏီဘက်က ရဲစခန်းကို တိုင်ကြားထားတယ်လို့ သိရပါတယ်။
ဘီဘီစီက ဘုရင့်နောင် ရဲစခန်းကို ဆက်သွယ်စုံးစမ်းကြည့်ရာမှာ ငွေလုခံရတဲ့ ကုမ္ပဏီရဲ့ တိုင်ကြားချက်ကို လက်ခံရရှိပြီး အသေးစိတ် အချက်အလက်တွေနဲ့ ငွေကြေးပမာဏကိုတော့ စစ်ဆေးဆဲလို့ အတည်ပြု ပြောဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
KBZ ဘဏ်နှစ်ခုမှာ တရက်တည်း နှစ်ကြိမ် ငွေလုခံရ
Reviewed by THITHTOOLWIN
on
18:41
Rating:
