G-4 လေယာဉ်ပျက်ကျရာတွင် ကျဆုံးခဲ့သည့် လေယာဉ်မှူး ၂ ဦး၏ အရိုးပြာများ ပုသိမ်လေတပ်သို့ ပြန်လည်သယ်ဆောင်


(ပုသိမ်) အောက်တိုဘာ ၂၂ ရက်

တပ်မတော်လေ့ကျင့်ပျံသန်းရေးလေယာဉ် G-4 ပျက်ကျရာမှာပါဝင်ခဲ့ပြီး ကျဆုံးသွားတဲ့ လေယာဉ်မှူး ၂ ဦးဖြစ်သူ ဗိုလ်မှူးကောင်းထိုက်နဲ့ ဗိုလ်ကြီး သော်ဇင်စိုးတို့ကို လေယာဉ်ပျက်ကျရာနေရာမှာ စစ်အခမ်းအနားနဲ့ သဂြိုလ်ခဲ့ပြီး အရိုးပြာတွေကို ပုသိမ်လေတပ်ဌာနချုပ်ကို ဒီကနေ့ ပြန်လည် သယ်ဆောင်လာခဲ့ကြောင်း သိရပါတယ်။

လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်နဲ့ တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီး သော်ဇင်စိုးတို့ဟာ စက်တင်ဘာ ၅ ရက်နေ့က G-4 လေယာဉ်ကို လေ့ကျင့်ပျံသန်း မောင်းနှင်ရင်း ပုသိမ်မြို့ အနောက်တောင်ဘက် ၃၆ မိုင်အကွာ ရခိုင်ပြည်နယ် ဂွမြို့နယ် အနီးမှာ လေတပ်နဲ့ အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။


ပျောက်ဆုံးလေယာဉ်ကို တပ်မတော်က လေတပ် မြေပြင် တပ်များနဲ့ တောနင်းရှာဖွေခဲ့ရာမှာ ၄၄ ရက်မြောက်နေ့မှာ ရခိုင်ပြည်နယ် ဂွမြို့ရဲ့ တောင်ဘက် ၁၂ မိုင်အကွာတောင် ၂ လုံးကြား လျှိုထဲတွင် ပြန်တွေ့ခဲ့ပြီး လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်နဲ့ ဗိုလ်ကြီး သော်ဇင်စိုးတို့ရဲ့ အလောင်းများလည်း တွေ့ရှိရတဲ့အတွက် စစ်အခမ်းအနားနဲ့ လေယာဉ်ပျက်ကျရာ နေရာမှာ သဂြိုလ်ခဲ့တာ ဖြစ်ပါတယ်။

တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ ဗိုလ်မှူးကောင်းထိုက်မှာ ဇနီးနဲ့ သမီးတဦး ကျန်ရစ်ခဲ့ပြီး
ဗိုလ်ကြီး သော်ဇင်စိုးမှာလည်း ဇနီးနဲ့ သမီးတဦး ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။ အောက်တိုဘာ ၂၃ ရက် မနက်ဖြန်မှာ ဗိုလ်ကြီး သော်ဇင်စိုးအရိုးပြာကို ပုသိမ်မြို့ သရောင်းချောင်းသုဿာန်မှာ ဂူသွင်းသဂြိုလ်မှာ ဖြစ်ကြောင်း သိရပါတယ်။

စစ်ဝေး/ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes/
G-4 လေယာဉ်ပျက်ကျရာတွင် ကျဆုံးခဲ့သည့် လေယာဉ်မှူး ၂ ဦး၏ အရိုးပြာများ ပုသိမ်လေတပ်သို့ ပြန်လည်သယ်ဆောင် G-4 လေယာဉ်ပျက်ကျရာတွင် ကျဆုံးခဲ့သည့် လေယာဉ်မှူး ၂ ဦး၏ အရိုးပြာများ ပုသိမ်လေတပ်သို့ ပြန်လည်သယ်ဆောင် Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.