အွန်လိုင်းဈေးသည်တို့ စည်ပင်လိုင်စင်၊ FDA ခွင့်ပြုချက် လိုမည်

အွန်လိုင်းအရောင်းလုပ်ငန်းများ ခေတ်စားလာသည့် ရန်ကုန်မြို့ ညနေခင်းတစ်ခု မြင်ကွင်း (ဓာတ်ပုံ - ပြည့်ပြည့်/Myanmar Now)
ရန်ကုန် (Myanmar Now) — ကာမရာဂဆေးများအပါအဝင် အလှကုန်၊ အစားအသောက်၊ ဆေးဝါး အမျိုးမျိုးကို အွန်လိုင်းမှ ဖြန့်ဖြူးရောင်းချမည်ဆိုပါက မြန်မာနိုင်ငံအစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်၊ စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းလိုင်စင်တို့ကို ရယူရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြောလိုက်သည်။

စားသုံးသူ နစ်နာမှုဖြစ်ပေါ်ခဲ့ပါက လုပ်ငန်းရှင်သည် ငွေဒဏ် သိန်း ၅ဝ၊ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်သော စားသုံးသူများ အကာအကွယ်ပေးရေးဥပဒေဖြင့် အရေးယူခံရနိုင်သည်ဟု ဦးမြင့်သောင်းက တိုင်းဒေသကြီး လွှတ်တော်တွင် ပြောသည်။

“တရားမဝင် တင်သွင်းရောင်းချခြင်း၊ ခွင့်ပြုချက်၊ လုပ်ငန်း လိုင်စင်မရှိဘဲ ရောင်းချခြင်းများကို လုံးဝ ခွင့်ပြုထားခြင်းမရှိပါ။ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူများ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အနေဖြင့်လည်း စိစစ်အရေးယူမှုများ ဆောင်ရွက်နေပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

ရန်ကုန်တွင် အွန်လိုင်းဈေးကွက် အလျင်အမြန်ကြီးထွားလာသည့်နောက်တွင် မိမိတို့ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အွန်လိုင်းမှ တရားဝင်ဖြန့်ဖြူးသူများရှိသလို သက်ဆိုင်ရာခွင့်ပြုချက်မဲ့ ကာမရာဂအားတိုးဆေးကဲ့သို့သော ဆေးဝါးများကို ကြော်ငြာကာ ရောင်းချနေသည်များကိုလည်း တွေ့ရ သောကြောင့် မေးခွန်းမေးမြန်းခဲ့ရခြင်းဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။

ကာမရာဂဆေးဝါးများနှင့် လိင်ပိုင်းဆိုင်ရာ ပစ္စည်းများကို တရားဝင်တင်သွင်းပြီး တရားဝင်ရောင်းချစေလိုကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့က ရှေးရိုးစွဲနဲ့ ဒါကို တားမြစ်နေတာမဟုတ်ဘူး။ တရားဝင်လုပ်ပါ။ လုပ်ခွင့်လည်းရှိတယ်။ အဲ့လို မဟုတ်ရင် ကျွန်တော် တို့နိုင်ငံ အခွန်လည်းမရဘူး။ လမ်းလွဲကိုလည်း ရောက်သွားမယ်။ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ ရာဇဝတ်မှုတွေ လည်းဖြစ်လာမယ်။ ဒါကို ထိန်းချုပ်ဖို့ ကျွန်တော်တို့က ဒီမေးခွန်းတွေမေးတာ။ ကျွန်တော်တို့က အဲ့ဒါမျိုးကို တရားဝင် ဆောင်ရွက်စေချင်တာ။ အဲ့ဒါဆို တရားမဝင် လူထုကို အကျိုးမပြုတဲ့ဟာတွေရောင်းချနေတာကို အရေးယူဖို့ တင်းတင်းကျပ် ကျပ် လုပ်သွားနိုင်လိမ့်မယ်ထင်တယ်” ဟု သူက ဆိုသည်။

စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၄ တွင်  အွန်လိုင်းမှ ကြော်ငြာရောင်းချခြင်း လုပ်ငန်းများနှင့် ဆက်နွယ်ပြီး ကုန်စည်၏ အရည်အသွေး၊ အရေအတွက်၊ ကုန်စည်တွင်ပါဝင်သော ပစ္စည်းများ၊ ကုန်စည်အား အသုံးပြုပုံ၊ ကုန်စည်ဈေးနှုန်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုပေးနိုင်သည့် အချိန်တို့ကို စားသုံးသူများအား လိမ်လည်ထားသည့် ကြော်ငြာများ ထည့်သွင်းကြော်ငြာသည့် လုပ်ငန်းရှင်တို့ကို အရေးယူရမည်ဟု ပြဋ္ဌာန်းထားသည်။

ထိုပြဋ္ဌာန်းချက်တွင် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံပေးထားမှုအပေါ် လိမ်လည်ထားသော ကြော်ငြာများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို မဟုတ်မမှန် သတင်းအချက်အလက်များ ပါဝင်သည့် ကြော်ငြာများ၊ သုံးစွဲပါက ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို မဖော်ပြထားသည့် ကြော်ငြာများ၊ သက်ဆိုင်သူ၏ ခွင့်ပြုချက်မရှိဘဲ တစုံတဦး သို့မဟုတ် အဖြစ်အပျက်ကို ထည့်သွင်းအသုံးပြု ထားသော ကြော်ငြာများနှင့် ဥပဒေပြဋ္ဌာန်းချက်၊ လူမှုကျင့်ဝတ်များကို ဖောက်ဖျက်သည့် ကြော်ငြာများလည်း ပါဝင်သည်။

အင်တာနက် အသုံးပြုမှု တွင်ကျယ်လာသဖြင့် မြို့ကြီးများတွင် အင်တာနက်အွန်လိုင်းမှ ဈေးရောင်းသူ အရေအတွက် များပြားလာသည်။ ဆိုင်ခန်းဖွင့်သည့်လုပ်ငန်းရှင်တချို့ကလည်း အွန်လိုင်းဈေးကွက်ကို လုပ်ကိုင်လျက်ရှိသည်။

ထက်ခေါင်လင်း/Myanmar Now
http://www.myanmar-now.org
အွန်လိုင်းဈေးသည်တို့ စည်ပင်လိုင်စင်၊ FDA ခွင့်ပြုချက် လိုမည် အွန်လိုင်းဈေးသည်တို့ စည်ပင်လိုင်စင်၊ FDA ခွင့်ပြုချက် လိုမည် Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.