ကန် နဲ့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးဆွေးနွေးပွဲ ဝါရှင်တန်မှာကျင်းပ


အမေရိကန်ပြည်ထောင်စုနဲ့ Bangladesh နိုင်ငံကြား (၆) ကြိမ်မြောက် လုံခြုံရေး ဆွေးနွေးပွဲကို အောက်တိုဘာ ၃ ရက်နေ့က ဝါရှင်တန်မြို့တော်က နိုင်ငံခြားရေးဝန်ကြီး ဌာနမှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ယာယီ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Miller နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အမေရိကန်ဆိုင်ရာ ညွန်ကြားရေးရေးမှူးချုပ် Abida Islam တို့ ဦးဆောင် ဆွေးနွေးခဲ့ကြတဲ့ ဆွေးနွေးပွဲအတွင်း လူသားချင်း စာနာမှုဆိုင်ရာနဲ့ သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး၊ ငြိမ်းချမ်းမှု ကာကွယ် ထိန်းသိမ်းရေး၊ ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်ရေး၊ စစ်ဘက် ပူးပေါင်း ဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တန်ပြန်ရေး၊ ရေကြောင်း လုံခြုံရေးတို့အပြင် ဒေသတွင်း ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

၂၀၁၂ ခုနှစ်မှာ အစပြုခဲ့တဲ့ အမေရိကန်- ဘင်္ဂလားဒေ့ရှ် လုံခြုံရေး ဆွေးနွေးပွဲဟာ ၂ နိုင်ငံကြား တိုးတက်လာတဲ့ လုံခြုံရေးပိုင်း ဆက်ဆံရေးနဲ့ ဒေသတွင်း ငြိမ်းချမ်း သာယာရေး အတွက် ဘုံကတိကဝတ်တွေကို ထင်ဟပ်တဲ့ ဆွေးနွေးပွဲလို့ အိမ်ဖြူတော်က ဖော်ပြ ပြောဆိုပါတယ်။

မြန်မာနိုင်ငံက ရောက်လာကြတဲ့ ရိုဟင်ဂျာ ၄ သိန်းကျော်အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ (၃၂) သန်းပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ကြေညာထားတဲ့ထဲမှာ (၂၈) သန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပေးမှာဖြစ်ပြီး ကျန်တာကို မြန်မာနိုင်ငံကို ပေးမှာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာပြဿနာကို ဖြေရှင်းနိုင်ရေး အတွက် နိုင်ငံတကာ ဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီ USAID ကလည်း ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် WFP ကို ဒေါ်လာ (၆) သန်းပေးမယ်လို့ စက်တင်ဘာ ၂၈ ရက်နေ့က ကြေညာထားပါတယ်။

အခု ၂၀၁၇ ခုနှစ် အတွင်း အမေရိကန်အစိုးရက USAID ကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွံဖြိုး တိုးတက်ရေးအတွက် ဒေါ်လာ (၂၁၂) သန်းကျော် ထောက်ပံပေးပြီး ဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

VOA (မြန်မာပိုင်း)
https://burmese.voanews.com
ကန် နဲ့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးဆွေးနွေးပွဲ ဝါရှင်တန်မှာကျင်းပ ကန် နဲ့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးဆွေးနွေးပွဲ ဝါရှင်တန်မှာကျင်းပ Reviewed by THITHTOOLWIN on 09:18 Rating: 5
Powered by Blogger.