မကွေး၌ အချုပ်ခန်းဖောက်ပြေးမှု မုဒိမ်းမှုကျူးလွန်သူ ၄ ဦး ပါဝင်ကာ တစ်ဦးဖမ်းမိ


မကွေး အောက်တိုဘာ ၁၂

မကွေး မြို့မရဲစခန်းတွင် အောက်တိုဘာလ ၁၁ ရက်နေ့  ယမန်နေ့က အချုပ်ခန်းဖောက်ပြေး မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ ခြောက် ဦး လွတ်မြောက်သွားခဲ့ရာ အဆိုပါ ကျူးလွန်သူခြောက်ဦးတွင် မုဒိမ်းမှု ကျူးလွန်သူ လေးဦးပါဝင်ကာ တစ်ဦးအား ယင်းနေ့ညက ဖမ်းဆီး ရမိခဲ့ကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ ဒုရဲမှူး ဝင်းကျော်သည် မကွေးမြို့မရဲစခန်း တွင် ယမန်နေ့နံနက် ၆နာရီက စခန်းမှူး တာဝန်ထမ်းဆောင်နေစဉ် ကင်းလဲတာဝန်လွှဲပြောင်းဆောင် ရွက်နေသည့်ရဲတပ်သားသိန်းနိုင်ဦး က အချုပ်ခန်းအမှတ်(၆)ရှိ တရားခံ လူဦးရေ လျော့နည်းနေသဖြင့် အချုပ်ခန်းရှိ တရားခံများအား တန်းစီစစ်ဆေးခဲ့ရာ အချုပ်ခန်း အမှတ်(၆)တွင် တရားခံ ကျား ၁၅ဦး ချုပ်နှောင်ထားသော်လည်း ကိုးဦးသာစစ်ဆေးတွေ့ရှိခဲ့သဖြင့် ကင်းမှူး၊ တာဝန်မှူးနှင့် စခန်းမှူး တို့ထံ သတင်းပို့ခဲ့ခြင်းဖြစ်သည်။

အချုပ်ခန်း အိမ်သာအခန်းမှ သုံးမတ်အရွယ် သံတိုင်ငါးတိုင် အား သံဖြတ်လွှဖြင့် ဖြတ်တောက် ပြီး အချုပ်ခန်းနှစ်ခုအကြား ထောင့် နံရံမှတစ်ဆင့် ကျော်တက်ပြီး အချုပ်ခန်းအမိုးအား ကျော်၍ အချုပ်ခန်း၏တောင်ဘက်နံရံမှ တွယ်ဆင်းထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးမြို့မရဲစခန်းမှ (ပ) ၂၆၉၁/ ၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ထားရှိပြီး ထွက်ပြေး သွားသူများအား ပိုက်စိပ်တိုက်ရှာ ဖွေလျက်ရှိရာ ယမန်နေ့ည ၈နာရီခွဲ တွင် ကျူးလွန်သူ သိန်းမင်းထိုက် (၁၈နှစ်)အား အလယ်ချောင်း ကျေးရွာရှိ ၄င်း၏မိဘနေအိမ်မှ ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

နွယ်နွယ်(မကွေး)
The Union Daily
https://www.facebook.com/uniondaily.net
မကွေး၌ အချုပ်ခန်းဖောက်ပြေးမှု မုဒိမ်းမှုကျူးလွန်သူ ၄ ဦး ပါဝင်ကာ တစ်ဦးဖမ်းမိ မကွေး၌ အချုပ်ခန်းဖောက်ပြေးမှု မုဒိမ်းမှုကျူးလွန်သူ ၄ ဦး ပါဝင်ကာ တစ်ဦးဖမ်းမိ Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.