အထူးဒေသ ၄ က လူသတ်မှုတရားခံအား မိုင်းလားတပ်ဖွဲ့က သေဒဏ်ချမှတ်


သျှမ်းပြည်အရှေ့ပိုင်းမိုင်းလားမြို့တွင်ဖြစ်ပွါးသော လူသတ်မှုနှင့်ပတ်သက်သည့်တရားခံအား မိုင်းလား အာဏာပိုင်များက သေဒဏ်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလ ၁ ရက်နေ့က သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားအထူးဒေသ ၄ မှ စစ်ဦးစီးချုပ် ဦးအားချိုင်၏ နေအိမ်ခြံဝင်းရှိ လုံခြုံရေးစစ်သား၏ လက်နက်အားဝင်ရောက်လုယက်ပစ်ခတ်မိရာမှ မိုင်းလားမြို့လယ်ဟိုတယ်တွင် မိမိ၏ တပည့်ဖြစ်သူအား ပစ်ခတ်မိသည့်အရေးကိစ္စနှင့်ပတ်သက်ပြီး ကျိုးကျန့်ကျွီ အား ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုဟုဆိုကာ မိုင်းလား တပ်ဖွဲ့က အောက်တိုဘာလ ၁၄ ရက်နေ့က သေဒဏ်ပေး လိုက်သည်။

“ လူ ၁ ယောက် သေ ၂ ယောက်ဒဏ်ရာရစေတဲ့အတွက် တရားခံ မောင်သီဟ ခေါ် ကျိုးကျန့်ကျွီ အသက် ၃၃ နှစ် ကို မိုင်းလားတပ်ဖွဲ့ရဲ့ ရာဇဝတ် ပြစ်မှုကျူးလွန်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၀၇ နဲ့ ၁၆၄ အရ စီရင်ချက်ချ လိုက် တာလို့ အောက်တိုဘာလ ၁၄ ရက်နေ့မနက်ပိုင်းက မိုင်းလားမြို့မ အားကစားကွင်းမှာ ဒေသခံလူထု ၂၀၀၀ ကျော်ရှေ့မှာ တရားစီရင်ချက်ကို ဖတ်ပြတယ်။ လူသတ်တရားခံကို ကားပေါ်တင်ပြီး လူထုကိုလာပြတယ်။ အဲဒီ နောက်မှာတော့ ပြစ်ဒဏ်ပေးတဲ့နေရာကိုခေါ်သွားပြီး ပြစ်ဒဏ်ပေးလိုက်တယ်။ ”- ဟု သေဒဏ်ချမှတ်ခြင်း အခမ်းအနားတက်ရောက်သည့် မိုင်းလားဒေသခံ မောင်ဂျပီးလုံ ကပြောသည်။


လူထုရှေ့မှောက်တွင်တရားစီရင်ချမှတ်ခဲ့ခြင်းမှာ အထူးဒေသ ၄ တခွင် တရားဥပဒေချိုးဖောက်ခြင်း ပြစ်မှုနှိမ်နင်းရေးလုပ်ဆောင်ချက်များကိုပြည်သူလူထုတရပ်လုံးသိရှိအောင်၊ လူထုလုံခြုံမှုအတွက် ရာဇဝတ်ပြစ်မှုအမျိုးမျိုးကို တိုက်ဖျက်ဖြိုခွင်းသည့်လုပ်ဆောင်ချက်များကိုလူထုသိရှိအောင် ပြသလိုခြင်း ဖြစ်ကြောင်း လည်း မိုင်းလားတပ်ဖွဲ့၏ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

ဦးကျိုးကျန့်ဂျွီ သည် UWSA တပ်မဟာ ၄၆၈ မှူး ပေါက်အိုက်ပန်း၏ မွေးစားသား သို့မဟုတ် လူယုံတော် ဟု နီးစပ်သူတဦးက ပြောသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ၀ တပ်ဘက်က တစုံတရာ ထုတ်ပြန်ခြင်းမရှိ သကဲ့သို့ ဆက်သွယ်မေးမြန်းမှုတွင်လည်း တရားဝင် ဖြေကြားခြင်းမရှိပေ။

၂၀၀၉ ခုနှစ်တုန်းကလည်း တပ်မတော်အစိုးရမှ နယ်ခြားစောင့်တပ်ပြောင်း လဲရေးအတွက် မိုင်းလားတပ်ဖွဲ့အား ဖိအားပေးစဉ်ကလည်း မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူးလဲဖြစ် ပြောရေးဆိုခွင့်လည်းဖြစ်သည့် ဦးမင်းအိမ် ဆိုသူ သတ်ဖြတ်ခံရဖူးသည်။

ဦးကျိုးကျန့်ဂျွီသည် စက်တက်ဘာ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန် မိုင်းလားတပ်မတော် ဒုတိယ စစ်ဦးချုပ် ဦးအားချိုင်နေအိမ်အတွင်း ၀င်ရောက်ရန် ကြိုးပမ်းစဉ် အဝင်ဂိတ်စောင့် တပ်သား၏ သေနတ်အားလုယက်ရင်း ကျည်ပွင့် သွားသောကြောင့် ဂိတ်စောင့်တဦးသေဆုံးသွားပါသည်။ ၄င်းအား မိုင်းလားလုံခြုံရေးတပ်ဖွဲ့များ က ၀ိုင်းရံဖမ်းဆီးစဉ် မိုင်းလားမြို့လယ် ပြည်သူ့ဆေးရုံရှေ့ ဟွန်ကြားဟော်တယ်တွင် ၄င်းနှင့် ပစ်ခတ် မှုဖြစ်ပွားကာ ဒဏ်ရာဖြင့် ၄င်းအားဖမ်းဆီးရမိပါသည်။ မိုင်းလားတရားရုံး စစ်ဆေးချက်အရ ကျိုးကျန့်ကျွီ သည် ရည်ရွယ်ချက်ရှိရှိ လူ့အသက်သတ်ဖြတ်မှု ဖြင့် စီရင်ချက်ချ ကာ ၄င်းအား ဒေသဒဏ်ပေးလိုက်ခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့်/ဟွမ်ဟိန်း
http://burmese.panglong.org
အထူးဒေသ ၄ က လူသတ်မှုတရားခံအား မိုင်းလားတပ်ဖွဲ့က သေဒဏ်ချမှတ် အထူးဒေသ ၄ က လူသတ်မှုတရားခံအား မိုင်းလားတပ်ဖွဲ့က သေဒဏ်ချမှတ် Reviewed by THITHTOOLWIN on 16:26 Rating: 5
Powered by Blogger.