ကက်တလိုးနီးယားကို လာမယ့် ရက်ပိုင်းအတွင်း လွတ်လပ်ရေး ကြေညာမယ်

တနင်္ဂနွေနေ့ လူထု ဆန္ဒခံယူပွဲမှာ ရဲတွေရဲ့ အကြမ်းဖက် အင်အားသုံးခဲ့မှုကို ကန့်ကွက်တဲ့အနေနဲ့ ဘာစလိုးနားမြို့မှာ လူ၇သိန်း ဆန္ဓပြ
ကက်တလိုနီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို လာမယ့် ရက်ပိုင်းအတွင်း စပိန်နိုင်ငံထဲကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာမယ်လို့ ကက်တလိုနီးယား ဒေသ အစိုးရအဖွဲ့ခေါင်းဆောင် Carles Puigdemont ကားလက်စ် ပူးဂ်ျဒမောန် က ဘီဘီစီကို ပြောပါတယ်။

တနင်္ဂနွေနေ့ လူထုဆန္ဒ ခံယူပွဲ ပြီးကတည်းက သူ့ရဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းခန်းမှာ ကားလက်စ် ပူးဂ်ျဒမောန် က တကယ်လို့ စပိန်အစိုးရက ကြားဝင်စွက်ဖက်ပြီး ကက်တလိုနီးယား ဒေသကို ထိန်းချုပ်ဖို့ ကြိုးစားရင် ဒါမှမဟုတ် သူ့ကို ဖမ်းဆီးမယ် ဆိုရင်တော့ အမှားကြီးမှားသွားမယ်လို့ ပြောသွားပါတယ်။

လောလောဆယ်မှာ စပိန် အစိုးရနဲ့ သူ့အစိုးရအကြား ဘာအဆက်အသွယ်မှ မရှိဘူးလို့ ပြောပါတယ်။

ကက်တလိုနီးယား ဒေသမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေဟာ စပိန်နိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စတခု ဖြစ်တယ်လို့ ဥရောပ ကော်မရှင်က တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာအပေါ် သူ့အနေနဲ့ လက်မခံဘူးလို့ ဆိုပါတယ်။

အဲဒီနောက် သိပ်မကြာခင်မှာပဲ စပိန်ဘုရင် ဖယ်လီပေး ကက်ဒရောန် က ရုပ်မြင်သံကြားကနေ လူထုကို တိုက်ရိုက် မိန့်ခွန်းပြောခဲ့ရာမှာတော့ ဒီလူထု ဆန္ဒ ခံယူပွဲကို စီစဉ်ခဲ့တဲ့ ကက်တလိုနီးယား ခေါင်းဆောင်တွေဟာ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ဒီမိုကရေစီ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြတယ်လို့ စွပ်စွဲ ခဲ့ပြီး ဒီ လူထု ဆန္ဒ ခံယူပွဲဟာ တရားမဝင်ဘူးလို့ ပြောကြားလိုက်ပါတယ်။

လောလောဆယ် ကက်တလိုနီးယား ဒေသတဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။

ဘာစလိုနားမြို့တမြို့ထဲမှာတင် လူ ၇သိန်းလောက် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

တနင်္ဂနွေနေ့တုန်းက လူ ၂သန်းကျော် လာရောက် မဲပေးခဲ့တဲ့ လူထုဆန္ဒခံယူပွဲ ကျင်းပစဉ်အတွင်း လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို အကြီးအကျယ် ချိုးဖောက်ခံခဲ့ရတာကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြနေကြတာပါ။

အဲဒီတုန်းက ရဲအရာရှိတွေက ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်တာတွေ၊ မဲရုံတွေထဲ အတင်းဝင်ပြီး အမျိုးသမီးတွေကို ဆံပင်ကနေ ဆွဲပြီး အပြင်ထုတ်တာမျိုးတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။

အခု စပိန်ဘုရင်ရဲ့ မိန့်ခွန်းထဲမှာ လူထုဆန္ဒခံယူပွဲကို ခိုင်ခိုင်မာမာ ဆန့်ကျင်တဲ့ စပိန်အစိုးရရဲ့ ရပ်တည်ချက်ကိုပဲ ပြောသွားခဲ့ပြီး လူထုဆန္ဒခံယူပွဲ တုန်းက ရဲတွေရဲ့ အကြမ်းဖက် အင်အားသုံးလူစုခွဲခဲ့တဲ့ ကိစ္စကို ထည့်သွင်း ပြောမသွားတဲ့အတွက် လူထုအကြား ဝေဖန်မှုတွေ ထွက်ပေါ်နေတယ်လို့ ဘာစလိုးနားမြို့က ဘီဘီစီ သတင်းထောက် Patrick Jackson က သတင်းပေးပို့ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကက်တလိုးနီးယားကို လာမယ့် ရက်ပိုင်းအတွင်း လွတ်လပ်ရေး ကြေညာမယ် ကက်တလိုးနီးယားကို လာမယ့် ရက်ပိုင်းအတွင်း လွတ်လပ်ရေး ကြေညာမယ် Reviewed by THITHTOOLWIN on 09:19 Rating: 5
Powered by Blogger.