ပွင့်ဖြူ အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ၂ဝ၁၆ ခုနှစ်က လိမ်လည်လက်ထပ်ယူခဲ့ခြင်းအတွက် အမှုဖွင့်တိုင်ကြားခဲ့ရာ တွင် အဂတိလိုက်စားခဲ့သော ဥပဒေအရာရှိ ဦးလှဦးအား မကွေးတိုင်းဒေသကြီး တရားလွှတ်တော်မှ အောက်တိုဘာ ၂၅ ရက်တွင် ထောင်ဒဏ် ၁ဝ နှစ်တိတိကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ပွင့်ဖြူ မြို့နယ် သရက်တောကျေးရွာနေ မူလတန်းပြဆရာမ ဒေါ်ခင် နှင်းယုက ၄င်းအား ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနေ တိုးနိုင် (ခ) မောင်မောင်လွင်ဆိုသူက ဝန်ထမ်းအယောင် ဆောင်ပြီး လိမ်လည်လက်ထပ်ယူခဲ့ခြင်းအတွက် အမှုဖွင့် တိုင်တန်းခဲ့ရာ ပွင့်ဖြူမြို့နယ် ဥပဒေရုံး ဥပဒေအရာရှိ ဦးလှဦး က ၄င်းအား သိန်းဂဏန်းပေးမှ အလုပ်လုပ်ပေးနိုင်မည်ဟု ပြောသဖြင့် ဒေါ်ခင်နှင်းယုက အမှုကိစ္စနှင့်ပတ်သက်၍ ငွေကျပ်တစ်သိန်းကို နှစ်ကြိမ်ခွဲပေးခြင်းအား ဦးလှဦးက လက်ခံရယူခဲ့သည်မှာ မှန်ကန်ကြောင်း စစ်ဆေးပေါ်ပေါက် ချက်အရ ဦးလှဦး (၄၄နှစ်) အား အရေးယူပေးရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဒုတိယပြန်ကြား ရေးမှူး ဦးသန်းဇော်ဝင်းက ၂ဝ၁၇ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် တရားလိုပြုတိုင်ကြားခဲ့၍ ပွင့်ဖြူမြို့နယ် မြို့မရဲစခန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားပြီး မကွေးတိုင်းဒေသကြီးတရားလွှတ်တော် မှ လက်ခံစစ်ဆေးဆောင်ရွက်နေသော အမှုဖြစ်သည်။
မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး(၁)ဦးမြင့်သိန်းက အောက်တိုဘာ ၂၅ ရက် နံနက် ၁၁ နာရီတွင် ဥပဒေအရာရှိ ဦးလှဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ထောင်ဒဏ် ၁ဝ နှစ်တိတိ ကျခံ စေရန်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပွင့်ဖြူမြို့နယ်တွင် အဂတိလိုက်စားခဲ့သော ဥပဒေအရာရှိအား ထောင်ဒဏ် ၁ဝ နှစ်ချမှတ်
Reviewed by THITHTOOLWIN
on
10:26
Rating:
