ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ဘုတ်ကို ဟန့်တားမှုကြောင့် ဖမ်းဆီးထားသူများအား ယခုလ ၁၃ ရက်နေ့ ရုံးထုတ်စစ်ဆေးမည်

ဓာတ်ပုံ - အခင်းဖြစ်သည့်နေ့က လူစုလူဝေးဖြစ်ပေါ်ခဲ့သည့်မြင်ကွင်း။
စစ်တွေ၊ အောက်တိုဘာ ၁၁။

နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC)၏ ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာသော မော်တော်ဘုတ်ကို တားဆီးဟန့်တားမှုကြောင့် ဖြစ်ပေါ်ခဲ့သော လူစုလူဝေးတွင် ပါဝင်သူများအနက် ဖမ်းဆီးထားသူများကို ယခုလ ၁၃ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း စစ်တွေမြို့အမှတ်(၂) ရဲစခန်းမှ သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဖမ်းမိထားသူများမှာ ၁ဝ ဦးရှိပြီး ယင်းတို့မှာ စစ်တွေမြို့ရှိ ဆတ်ရိုးကျရပ်ကွက်၊ စက်ရုံစုရပ်ကွက်နှင့် မင်းဒရားချိတ်ရပ်ကွက်များမှ ပန်းရံနှင့် ကျပန်းလုပ်ကိုင်နေကြသူများဖြစ်ကြကြောင်း သိရသည်။
"သူတို့တွေကို အဲဒီနေ့ မနက်ပိုင်းလောက်မှာ စစ်တွေမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်"ဟု စစ်တွေမြို့အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာလ ၂ဝ ရက်နေ့ညက စစ်တွေမြို့ရှိ ဆတ်ရိုးကျဆိပ်ကမ်းအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်သူများအား ကူညီထောက်ပံ့ပေးရန် (ICRC)၏ ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာသော မော်တော်ဘုတ်ကို မသင်္ကာ၍ ဒေသခံများက မည်သည့်ပစ္စည်းများဖြစ်သည်ဆိုသည်ကို ဖွင့်ပြခိုင်းရာမှ တဖြည်းဖြည်း လူအုပ်စုများလာကာ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရသည့်အဆင့်ထိ ဖြစ်ပေါ်ခဲ့သည်။

သို့သော် လူအုပ်စုက ဖွင့်ပြရန်တောင်းဆိုသော်လည်း ယင်းအချိန်က ICRC နှင့် ရဲတပ်ဖွဲ့တို့အနေဖြင့် လူထုဆန္ဒကိုလက်မခံခဲ့ဘဲ လုံခြုံရေးသာ တင်းတင်းကျပ်ကျပ်ချထားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် ဦးဆောင်သူ ၉ ဦးကို ယင်းနေ့ညတွင်ပင် ရဲကဖမ်းမိခဲ့ပြီး ပါဝင်သူ နောက်ထပ် ၃ ဦးအနက် ၁ ဦးကို နောက်တစ်နေ့တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။ ကျန် ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ယခုကဲ့သို့ လူစုလူဝေးဖြစ်ပေါ်စေခဲ့မှုသည် အရက်သေစာသောက်စားပြီး မိုက်ရူးရဲဆန်သည့် လူတချို့ကြောင့်ဟု ရဲက သုံးသပ်ထားသည်။

မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar
ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ဘုတ်ကို ဟန့်တားမှုကြောင့် ဖမ်းဆီးထားသူများအား ယခုလ ၁၃ ရက်နေ့ ရုံးထုတ်စစ်ဆေးမည် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ဘုတ်ကို ဟန့်တားမှုကြောင့် ဖမ်းဆီးထားသူများအား ယခုလ ၁၃ ရက်နေ့ ရုံးထုတ်စစ်ဆေးမည် Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.