မြောက်ဦးမြို့နယ် လျှာရည်ပြင်ရွာတွင် လေဆင်နှာမောင်းတိုက်၍ အိမ် ၂၄ လုံးပြိုပျက်


နိရဉ္စရာ၊ အောက်တိုဘာ ၂၂

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လျှာရည်ပြင်ကျေးရွာတွင် ယနေ့ နံနက် အစောကြီး ညဥ့် ၂ နာရီ အချိန်က လေဆင်နှာမောင်းတိုက်ခတ်၍ အိမ် ၂၄ လုံး ပြိုပျက်သွားကြောင်း သတင်းရရှိသည်။

၎င်းကျေးရွာသို့ ရောက်ရှိနေသည့် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ စုစုပေါင်း ပြိုတဲ့အိမ်က ၂၄ လုံးပါ။ လုံးဝ ပြိုပျက်သွားတဲ့ အိမ်က ၇ လုံး ဖြစ်ပါတယ်” ဟု နိရဉ္စရာသို့ ပြောကြားသည်။


ကျေးရွာလူကြီး တစ်ဦးဖြစ်သူ ဦးသိန်းထွန်းဝေ စာသင်ကျောင်း KG ဆောင်နှင့် မူလွန်ကျောင်းဆောင်ပါ ပြိုပျက်သွားသည့် အထဲတွင် ပါဝင်သွားသည်ဟု ပြောဆိုသည်။

အိမ်ပြိုပျက်သွားသူ ၇ ဦးထဲတွင် ရွာအရှေ့ပိုင်းမှ ဦးကျော်နိုင်ဌေး၊ ဒေါ်ဆန်းဝင်းသန်း၊ ဦးမောင်မြင့်စိုးကြီး၊ ဦးမောင်ကျော်တင်၊ ဦးကျန်ချေ၊ ဦးမြထွန်းကျော်တို့ပါဝင်ကြောင်း ဦးသိန်းထွန်းဝေ က ပြောသည်။

“ လူတွေ အထိအခိုက်တော့ မရှိပါဘူး။ ဒါပေမယ့် အိမ်လုံးဝ ပြိုသွားတဲ့ လူတွေကတော့ ဒုက္ခရောက်နေကြပါတယ်။ တစ်ခြားအိမ်တွေမှာ တက်နေကြရပါတယ်။ လွှတ်တော်ကတော့ ရောက်နေပါပြီ။ လုံးဝ ပြိုသွားတဲ့ တစ်အိမ်ကို ၅ သိန်းစီကူညီမယ်လို့ ပြောပါတယ်” ဟု သူက ပြောကြားသည်။

လျှာရည်ပြင်ကျေးရွာတွင် အိမ်ခြေပေါင်း ၂၃၅ အိမ်ရှိပြီး ၂၄ လုံးပျက်စီးကြောင်း၊ ပြည်နယ် အစိုးရသို့လည်း တင်ပြထားကြောင်း၊ လောလောဆယ်တော့ အစိုးရအဖွဲ့က တာဝန်ရှိသူများ ရောက်ရှိမလာသေးကြောင်း သူက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
မြောက်ဦးမြို့နယ် လျှာရည်ပြင်ရွာတွင် လေဆင်နှာမောင်းတိုက်၍ အိမ် ၂၄ လုံးပြိုပျက်  မြောက်ဦးမြို့နယ် လျှာရည်ပြင်ရွာတွင် လေဆင်နှာမောင်းတိုက်၍ အိမ် ၂၄ လုံးပြိုပျက် Reviewed by THITHTOOLWIN on 11:21 Rating: 5
Powered by Blogger.