မြိတ်မြို့၊ ကမ်းနားလမ်း၌ ဆိုင်ကယ်စီးနင်လိုက်ပါလာသူ အမျိုးသားတစ်ဦး ဓားဖြင့်ခုတ်ခံရ၍ သေဆုံးမှုဖြစ်ပွား

ဓါတ်ပုံ - Ko Pu Nge
မြိတ် အောက်တိုဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ ကမ်းနားလမ်း Sea view Condo အနီး၌ အောက်တိုဘာလ ၃၁ ရက် နံနက် ဝဝ နာရီ ၃ဝ မိနစ်အချိန်ခန့်က ဆိုင်ကယ်စီးနင်လိုက်ပါလာသူ အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေစဉ် အောက်တိုဘာလ ၃၁ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန်ခန့်တွင် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၃၁ ရက် နံနက် ဝဝ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ဒေါ်ထွေးကြည် (၄၈)နှစ်၊ဈေးရောင်း၊ မီးသွေးဖောင်းလမ်း၊ ဘုရားကိုင်ရပ်ကွက်၊ မြိတ်တောင်နယ်မြေ၊ မြိတ်မြို့နေသူသည် နေအိမ်တွင် ရှိနေစဉ် သားဖြစ်သူ သားပု(ခ)မောင်ဝင်းစိုး၊ (၂၂)နှစ်၊ လှေလိုက်၊ အတူနေသူသည် ဓားခုတ်ခံရသော ကြောင့် မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ရောက်ရှိနေကြောင်း ရာအိမ်မှူး ဦးမောင်ချိုမှ လာရောက်ပြောဆိုသောကြောင့် ဆေးရုံကြီးသို့ လိုက်သွားခဲ့ရာ သားဖြစ်သူတွင် ဝဲဘက်ဦးခေါင်းပြတ်ရှဒဏ်ရာ၊ ယာဘက်ဝမ်းဗိုက်တွင် ပြတ်ရှဒဏ်ရာ ယာလက်ဖျံပြတ်ရှဒဏ်ရာနှင့် ဝဲဘက်လက်မောင်းပြတ်ရှဒဏ်ရာများ (စိုးရိမ်ရ) ရရှိကာ သတိမေ့နေသည်ကိုတွေ့မြင်ရကြောင်း သိရသည်။

ယင်းနောက် သားဖြစ်သူနှင့်အတူ လမ်းလည်ထွက်သွားသော သက်နိုင်မျိုး (ခ)အိုငယ်၊ မကန်တောင်ရပ်နေသူအား မေးမြန်းခဲ့ရာ အောက်တိုဘာလ ၃ဝ ရက် ည ၁၁ နာရီကျော်ခန့်က မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ ကမ်းနားလမ်းအတိုင်း ဆိုင်ကယ်အား ကမ်းနားလမ်းအဆုံးအထိ မောင်းနှင်ပြီးနောက်ပြန်လာခဲ့ရာတွင် Sea view Condo အနီး ကမ်းနားလမ်း ပလက်ဖောင်း၍ ထိုင်နေသော လူငယ်တစ်စုအရှေ့အရောက်တွင် ၄င်းတို့ထဲမှ လူတစ်ယောက်သည် ဆိုင်ကယ်မောင်းနင်နေသော သက်နိုင်မျိုး (ခ) အိုငယ် ၏ မျက်နှာအား လက်ဝါးဖြင့် ရိုက်ခဲ့သောကြောင့် ဆိုင်ကယ်နောက်တွင် စီးနင်လိုက်ပါလာသူ သားပု (ခ) မောင်ဝင်းစိုးသည် ဆိုင်ကယ်ပေါ်မှ ကျကျန်ခဲ့သဖြင့် ဓားဖြင့်လိုက်ခုတ် နေသည်ကို သက်နိုင်မျိုး(ခ)အိုးငယ်က မြင်တွေ့ရကြောင်း၊ ၄င်းတို့သည် ဆိုင်ကယ်ဖြင့်မောင်းပြေးသွားသောကြောင့် သားပု(ခ)မောင်ဝင်းစိုးအား သွားရောက်ကြည့်ရှုခဲ့ရာ ဒဏ်ရာများဖြင့် လဲနေသည်ကို တွေ့မြင်ရစဉ် လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ၄င်းလူငယ်များအား လိုက်လံဖမ်းဆီးခဲ့ရာ ကျော်လွင်ဌေး၊ ကျော်လွင်ဦး၊ အောင်ရဲကျော်တို့ဖြစ်ကြောင်းနှင့် ၄င်းတို့(၃)ဦးထံမှ သွေးများပေနေသည့် အရှည်(၃)ပေခန့်ရှိသော ဓားရှည်တစ်ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သက်နိုင်(ခ)အိုငယ်၏ ပြောပြချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာရရှိသူ သားပု(ခ)မောင်ဝင်းစိုး (၂၂)နှစ်၊ လှေလိုက်၊ မီးသွေးဖောင်းလမ်း၊ ဘုရားကိုင်ရပ်၊ မြိတ်တောင်နယ်မြေ၊ မြိတ်မြို့နေသူသည် အောက်တိုဘာလ ၃၁ ရက်၊ နံနက် ဝဝ နာရီ ၃ဝမိနစ်အချိန်ခန့်တွင် မြိတ်ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိရာမှ အောက်တိုဘာလ ၃၁ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ် အချိန်ခန့်တွင် ၄င်းရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်လွင်ဌေး (၂၆)နှစ်၊ တံငါလုပ်၊ (၃)လမ်း၊ ရေပုန်းရပ်ကွက်၊ မြိတ်မြို့၊ ကျော်လွင်ဦး (၂၄)နှစ်၊ လှေလိုက်၊ အမှတ်(၉၈)၊ စည်ပင်သာယာ(၃)လမ်း၊ ရေပုန်းရပ်ကွက်၊ မြိတ်မြို့နေသူနှင့် အောင်ရဲကျော် (၂၅)နှစ်၊ ဝပ်ရှော့လုပ်၊ အမှတ်(၈၆)၊ (၂)လမ်း၊ သာကေတရပ်၊ ကန်ကြီးနယ်မြေ၊ မြိတ်မြို့နေသူတို့ (၃)ဦးတို့အာ မြိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်ဦး(မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြိတ်မြို့၊ ကမ်းနားလမ်း၌ ဆိုင်ကယ်စီးနင်လိုက်ပါလာသူ အမျိုးသားတစ်ဦး ဓားဖြင့်ခုတ်ခံရ၍ သေဆုံးမှုဖြစ်ပွား မြိတ်မြို့၊ ကမ်းနားလမ်း၌ ဆိုင်ကယ်စီးနင်လိုက်ပါလာသူ အမျိုးသားတစ်ဦး ဓားဖြင့်ခုတ်ခံရ၍ သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.