ပန်းဦးလွှတ်သည့်ကိစ္စ မွန်ပြည်နယ်လွှတ်တော်တွင် ကြားနာစစ်ဆေးမည်

အလံတစ်ရာဆရာတော် ဝင်စားတယ်ဆိုတဲ့ ခွန်တန် ကို တွေ့ရစဉ်
မော်လမြိုင်၊ အောက်တိုဘာ ၂၀။

မွန်ပြည်နယ် ၊သထုံမြို့နယ်၊ စရစ်ချောင်း ကျေးရွာအုပ်စု၊ အလံတရာနယ်မြေတွင် ဘာသာရေးကို အကြောင်းပြကာ တိုင်းရင်းသူ မိန်းကလေးများအား ဖျက်ဆီးမှုကို နိုဝင်ဘာလ ၆ ရက်နေ့တွင် မွန်လွှတ်တော်တွင် ကြားနာစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

တိုင်းရင်းသူ မိန်းကလေးများကို ဖျက်ဆီးမှု ပြုလုပ်ခဲ့သည်ဆိုသော အသက် ၂၅ နှစ် အရွယ် အမျိုးသား ကို အရေးယူပေးရန် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီတွင် အမျိုးသမီး မိဘများ ကိုယ်စား ဖခင်တစ်ဦးက တိုင်ကြားထားသဖြင့် ပြည်နယ်လွှတ်တော်တွင် ကြားနာစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်သည်ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ကျွန်မတို့ ကော်မတီမှာ အဲ ဒီကိစ္စပတ်သက်ပြီး တိုင်ကြားစာက နှစ်စောင်ရှိတယ်။ လွှတ်တော်မှာ ဘယ်လိုစစ်ဆေးမလဲ ဆိုတာ အဲဒီနေ့မှ သိမယ်။ တိုင်စာထဲမှာ ပါတဲ့သူတွေကို ခေါ်စစ်ဆေးမယ်။“ ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

အမျိုးသမီးငယ်များကို ဖျက်စီးသည်ဆိုသော အသက် ၂၅ နှစ် အရွယ် အမျိုးသားမှာ ၄င်းသဘောကျ နှစ်သက်သည့် အမျိုးသမီးများတွေ့ရှိပါက အကျိုးဆောင်များမှတစ်ဆင့် အမျိုးသမီးငယ်များ၏ မိဘများထံ ဆက်သွယ်၍ အမျိုးသမီးငယ်များနှင့်လက်ထပ်ထိမ်းမြားမှုများပြုလုပ်ခြင်းဖြစ်သည်ဟု
သိရကြောင်းလည်းလည်း၎င်းကပြောသည်။

တိုင်စာထဲတွင် အမျိုးသမီးငယ် ခြောက်ဦးကို လက်ထပ်ထားပြီး တစ်ဦးလျှင် နှစ် လ ခန့်သာ ပေါင်းသင်းနေထိုင်ခဲ့သည်ဟု ရေးသားထားကြောင်း၊ ထိုအမျိုးသမီးငယ် ခြောက်ဦးကို တရားဝင် ကွာရှင်းခြင်းမရှိဘဲ မိဘနေအိမ်တွင် နေထိုင်စေခြင်းဖြစ်ကြောင်း၊ငွေပေး၍ အမျိုးသမီးငယ်များကို ဖျက်ဆီးနေသည့်အတွက် ထိထိရောက်ရောက် အရေးယူပေးရန် တိုင်စာတွင်ဖော်ပြထားကြောင်း သိရသည်။

အမျိုးသမီးငယ်များကို ဖျက်ဆီးသည်ဆိုသော အသက် ၂၅ နှစ် အရွယ်အမျိုးသားမှာ အလံတရာဘုရားတည်ခဲ့သည့် ဆရာတော်ဘုရား ၀င်စားသည်ဟုဆိုကာ ဒေသခံများက ကိုးကွယ် ယုံကြည်ထားကြောင်း၊ ထိုဒေသတွင် ရွာ ၁၂ ရွာရှိပြီး ပအိုဝ်းတိုင်းရင်းသားအများဆုံးနေထိုင်သည်ဟု မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီး ဒေါ်စံဝင့်ခိုင်ကဆိုသည်။

“ဒေသခံပြည်သူတွေကလဲ သူ(အမျိုးသမီးငယ်များကို ဖျက်ဆီးသည်ဆိုသော အသက် ၂၅ နှစ် အရွယ်အမျိုးသား ) ဟာ ဘုရားလောင်းဖြစ်တယ်ဆိုပြီးအလွန်ယုံကြည်ကြတယ်။ ဘုရားလောင်းဖြစ်တဲ့အတွက် သူ့ကို ယူလိုက်ရင် မိဘုရားဖြစ်တယ်ဆိုပြီး နားသွင်းထားကြတယ်။ တချို့မိဘတွေက ယုံလွယ်တယ်။ သူ့က တစ်ပြိုင်တည်းယူတာမဟုတ်ဘူး။ အမျိုးသမီးတစ်ယောက်ကို ယူပြီးရင် တစ်လ ၊ နှစ်လ လောက်ပေါင်းပြီး မိဘအိမ်ပြန်ပို့တယ်။ အဲကိစ္စကျွန်မမှာ တိုင်စာရှိတယ်။ မိန်းကလေးခြောက်ယောက်ကိုယ်စား မိဘတစ်ဦးက တိုင်ထားတယ်။ “ ဟု ဒေါ်စံဝင့်ခိုင် ကပြောသည်။

ထိုကိစ္စကို အရေးယူမှုပြုလုပ်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုအစိုးရတို့ပူးပေါင်းကာ ဆောင်ရွက်နေကြောင်းလည်း ဒေါ်စံဝင့်ခိုင်က ဆိုသည်။

မိသံလွင်
The Asia Heart News
ပန်းဦးလွှတ်သည့်ကိစ္စ မွန်ပြည်နယ်လွှတ်တော်တွင် ကြားနာစစ်ဆေးမည်  ပန်းဦးလွှတ်သည့်ကိစ္စ မွန်ပြည်နယ်လွှတ်တော်တွင် ကြားနာစစ်ဆေးမည် Reviewed by THITHTOOLWIN on 16:31 Rating: 5
Powered by Blogger.