ဘုရင့်နောင် ခေါင်းလောင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရ

 ရွှေစည်းခုံစေတီမှာ ရှိတဲ့ ဘုရင့်နောင်မင်းတရားရဲ့ ခေါင်းလောင်း
ညောင်ဦးမြို့ ရွေစည်းခုံ စေတီမှာ ရှိတဲ့ ဘုရင့်နောင်မင်းတရားရဲ့ ခေါင်းလောင်းဟာ ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO ရဲ့ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် ( Memory of the World ) အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

လတ်တလောကာလအတွင်း ပြင်သစ်နိုင်ငံက UNSECO ရုံးချုပ် ကျင်းပနေတဲ့ အစည်းအဝေးကနေ ကမ္ဘာ့အမွေအနှစ်မှတ်တမ်းအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ UNESCO ရဲ့ အရာရှိတဦးဖြစ်တဲ့ ဒေါ်ဥမ္မာမျိုးက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

မန္တလေးမြို့က ကုသိုလ်တော် ဘုရားမှာ ရှိတဲ့ ကုန်းဘောင်ခေတ်က ကျောက်စာတွေ ၊ ပုဂံမြို့မှာ ရှိတဲ့ ရာဇကုမာရ်ကျောက်စာနဲ့ အလောင်းမင်းတရားရဲ့ ရွှေပေလွှာ( ဂျာမနီမှာရှိ ) တို့ကလည်း အရင်က ကမ္ဘာ့မှတ်တမ်း အမွေအနှစ် ( Memory of the World ) အဖြစ် သတ်မှတ်ခံခဲ့ရတဲ့အတွက် အခုလို သတ်မှတ်ခံရမှုဟာပြည်တွင်းမှာရှိတဲ့ မြန်မာ့အမွေအနှစ်တွေအနက် တတိယမြောက်အဖြစ် သတ်မှတ်ခံရမှုဖြစ်လာတာပါ။

ရွှေစည်းခုံဘုရားမှာ ရှိတဲ့ ဘုရင့်နောင်မင်းတြားကြီးရဲ့ ခေါင်းလောင်းမှာ ပါဠိ၊ မွန်၊ မြန်မာ သုံးဘာသာနဲ့ ဘုရင့်နောင်ရဲ့ ဆောင်ရွက်ချက်တွေကို ကဗ္ဗည်းရေးထိုးထားပြီး တောင်ငူ၊ ပြည် ၊ ပဲခူး ၊ မိုးမိတ် ၊ မိုင်းယောင်း ၊ မိုးကောင်း စော်ဘွားတို့ကို အနိုင်ရတဲ့ အကြောင်းတွေနဲ့အတူ သူ့ရဲ့ ကုသိုလ်ကောင်းမှုတွေကိုပါ ရေးထိုးထားတာပါ။

ခေါင်းလောင်းစာမှာ ရက်စွဲနေ့စွဲ အတိအကျ ရေးထိုးမှတ်တမ်းတင်ထားတဲ့အတွက် သမိုင်းဆိုင်ရာ ကွင်းဆက်တွေ မှန်ကန်ဖို့နဲ့ ဆက်စပ်ညှိနှိုင်းလေ့လာမှုမှာ တိကျခိုင်မာတဲ့ စာပေနဲ့ သမိုင်းဆိုင်ရာ မူရင်းအထောက်အထားလည်းဖြစ်တဲ့အတွက် အဲဒီခေါင်းလောင်းကို ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖို့ တင်ခဲ့ရတာလို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဖေ့ဘုပ်မှာ ၂၀၁၆ ခုနစ်က ဖော်ပြခဲ့ပါတယ်။

အခုလို သတ်မှတ်ခံရတဲ့အတွက် ခေါင်းလောင်းမပျက်စီးအောင် ထိန်းသိမ်းစားရိတ်တွေလို ထောက်ပံ့ကြေးတွေ ရရှိမှာဖြစ်ပြီး ခေတ်မှီနည်းပညာနဲ့ ရှေးမူမပျက် ထိန်းသိမ်းမွမ်းမံတဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကူညီတွေကိုလည်း UNESCO က ပေးအပ်သွားမှာဖြစ်ပါတယ်။

ပုဂံညောင်ဦးဒေသက ရာဇကုမာရ်ကျောက်စာနဲ့ ဘုရင့်နောင် ခေါင်းလောင်းတို့ကို ကမ္ဘာ့အသိအမှတ်ပြု ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းမှာ ပါဝင်လာတာဟာ ပုဂံဒေသကို နိုင်ငံတကာက သိရှိမှု ပိုမိုများပြားလာစေတဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်မိတယ်လို့ ဒေသခံ ခရီးသွားလုပ်ငန်းရှင်ဖြစ်တဲ့ ကိုကျော်စွာမင်းက ဘီဘီစီကို ပြောပါတယ်။

ပုဂံညောင်ဦးဒေသတခုလုံးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်သတ်မှတ်ခံရရေးအတွက်လည်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနက ကြိုးပမ်းနေတာလို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပြီး ဘုရင့်နောင် ခေါင်းလောင်း UNESCO အသိအမှတ်ပြုခံရဖို့လည်း ရှေးဟောင်းသုတေသန ဦးစီးဌာနကပဲ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဘုရင့်နောင် ခေါင်းလောင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရ ဘုရင့်နောင် ခေါင်းလောင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရ Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.