ရန်ကုန် အောက်တိုဘာ ၂၄
ရန်ကုန်မြို့ရှိ သမိုင်းဝင် အထင်ကရ အဆောက်အအုံများကို အများပြည်သူ ပိုမိုသိရှိပြီး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် Royal Philips Corporation တို့ပူးပေါင်းကာ ၁၉ ခုမြောက်ကမ္ပည်းပြားအဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
''ရန်ကုန်မြို့မှာ သွားလာနေထိုင်ကြပေမယ့် သမိုင်းဝင် အဆောက်အအုံတွေရဲ့သမိုင်းကြောင်းနဲ့ အရေးပါပုံတွေကို တော်တော်များများက မသိကြဘူး။ အပြာရောင်ကမ္ပည်းပြား တပ်ဆင်လိုက်တဲ့အတွက် သူတို့လည်း သိလာမယ်၊ နိုင်ငံခြားခရီးသွား ဧည့်သည်တွေလည်း ရန်ကုန်မြို့က သမိုင်းဝင်အဆောက်အအုံ အများကြီးရှိတဲ့မြို့ပါလားဆိုတာ သိလာပြီး ကမ္ဘာကပါ ရန်ကုန်မြို့ကို သိလာမှာပါ'' ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ စီမံကိန်းမန်နေဂျာ ကိုသူရိန်အောင် ကပြောသည်။
အပြာရောင်ကမ္ပည်းပြားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်အေးနှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါ်မို့မို့လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့သည် သမိုင်းဝင်အဆောက်အအုံများ၌ အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မြို့၏ သမိုင်းကြောင်းကို ပိုမိုလေ့လာနိုင်မည်ဖြစ်သည်။
ယနေ့တပ်ဆင်သည့် အပြာရောင်ကမ္ပည်းပြားတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး စတင် တည်ဆောက်ခဲ့သည့် ခုနှစ်နှင့် တည်ဆောက်ခြင်းနှင့် ပတ်သက်သည့် သမိုင်းဝင်စာသားများ ရေးထိုးထားပြီး ယင်းကမ္ပည်းပြားကို သြစတြီးယားနိုင်ငံမှ မှာယူခဲ့ခြင်းဖြစ်ကာ မိုးဒဏ်၊ လေဒဏ်ခံနိုင်ရည် ရှိကြောင်း သိရသည်။ ရန်ကုန်မြို့၌ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ ခြောက်ထောင်ခန့်ရှိပြီး လက်ရှိအချိန်ထိ စာရင်းကောက်ယူနေဆဲ ဖြစ်သည်။
အမွေအနှစ် အဆောက်အအုံ စာရင်းကောက်ယူရာတွင် လက်ရှိ လူနေအိမ်များလည်း ပါဝင်ပြီး ရှေးဟောင်းအဆောက်အအုံတိုင်း စာရင်းကောက်ယူခြင်း မဟုတ်ဘဲ သမိုင်းဝင် အဆောက်အအုံများကိုသာ စာရင်းကောက်ယူကာ ကမ္ပည်းပြား ၁ဝဝ မှ ၂ဝဝ အထိ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမ၊ ရန်ကုန်စာတိုက်ကြီး၊ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ် ထုတ်ဝေရေး အဆောက်အအုံ၊ ပန်းဘဲတန်းမြို့နယ်ရှိ ဘုရားကျောင်းနှင့် စိန်ပေါလ်ကျောင်းတို့ အပါအဝင် သမိုင်းဝင် အဆောက်အအုံများကို အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်နိုင်ခဲ့ပြီး ယနေ့တပ်ဆင်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကမ္ပည်းပြားသည် ၁၉ ခုမြောက် အပြာရောင်ကမ္ပည်းပြား ဖြစ်ကြောင်း သိရသည်။
မြ၀တီ
https://www.facebook.com/mwdmedia/
နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ အပြာရောင်ကမ္ပည်းပြား တပ်ဆင်
Reviewed by THITHTOOLWIN
on
15:43
Rating:
