ဖယောင်းတိုင်မီး ထွန်းထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့၍ နေအိမ် လေးလုံး မီးလောင်ဆုံးရှုံး


မော်လမြိုင်၊ အောက်တိုဘာ ၁၁

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ ဖယောင်းတိုင် မီးထွန်းထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့၍ နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့မှု အောက်တိုဘာ ၁၀ ရက် ည ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့မရဲစခန်းထံမှ သိရသည်။

လျှပ်စစ်မီးပျက်၍ ဖယောင်တိုင် မီးထွန်းထားရာမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး အိမ်ချင်းကပ်လျက်ရှိသည့် နေအိမ်တန်းလျားများနှင့် နေအိမ်များအား မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မြဝတီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

“သားအိပ်နေတဲ့ အခန်းကို အမေဖြစ်သူက ဖယောင်းတိုင်မီး ထွန်းပေးခဲ့တာ၊ ဖယောင်တိုင်မီးကို ပြန်မငြိမ်းဘဲ အိပ်ပျော်သွားတာ။”ဟု ၎င်းက ပြောကြားသည်။

မီးစတင်လောင်ကျွမ်းမှုသည် မြဝတီမြို့၊ အမှတ် (၁)ရပ်ကွက်၌ နေထိုင်သူ ဦးစိန်သောင်း နေအိမ်မှဖြစ်ပြီး နေအိမ်အိပ်ခန်းအတွင်း သစ်သားနံရံနှင့် မွေ့ယာတို့ကို စတင်လောင်ကျွမ်းခဲ့ကြောင်း ယင်းနောက် အခြားနေအိမ်များကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်နှစ်တစ်လုံး၊ ၇ ခန်းတွဲ တန်းလျား သွပ်မိုး၊ ပျဉ်းကာ တစ်လုံး၊ ၅ ခန်းတွဲ တန်းလျား သွပ်မိုး၊ ပျဉ်းကာ တစ်လုံး စုစုပေါင်း နေအိမ်လေးလုံးတို့ မီးလောင်ကျွမ်းခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနေရာသို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်နိုင်ထွန်း၊ ရတခမရ (၃၃၉) မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းထွန်းအောင်တို့မှ အနီးကပ်ကြီးကြပ်၍ မီးသတ်အုပ်ချုပ်ယာဉ် ၁ စီး၊ မီးငြိမ်းသတ်ယာဉ် ၄ စီးနှင့် ရေသယ်ယာဉ် ၅ စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ယင်းနေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန်၌ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုနိုင်က ပြောဆိုသည်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် ဦးစိန်သောင်းကို မြဝတီမြို့မရဲစခန်းမှ (ပ) ၁၀၄၇/ ၂၀၁၇ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
ဖယောင်းတိုင်မီး ထွန်းထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့၍ နေအိမ် လေးလုံး မီးလောင်ဆုံးရှုံး ဖယောင်းတိုင်မီး ထွန်းထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့၍ နေအိမ် လေးလုံး မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 15:46 Rating: 5
Powered by Blogger.