ဧရာမ စပါးအုံးမြွေကြီး ရှုံးနိမ့်သွားပြီးနောက် စားသောက်ခံရ

 ပြီးခဲ့တဲ့ စနေနေ့ ညက စပါးအုံးမြွေကြီးကို ရွာထဲမှာ ပြသထားတဲ့မြင်ကွင်း
အင်ဒိုနီးရှားက ဧရာမ စပါးအုံးမြွေကြီး တကောင်ဟာ ဒေသခံတစ်ဦးနဲ့ ထိပ်တိုက်တိုးမိပြီး အပြန်အလှန်တိုက်ကြရာက ရှုံးနိမ့်ပြီးတဲ့နောက်မှာ ကံအကြောင်းမလှစွာနဲ့ စားသောက်ခံခဲ့ရပါတယ်။

လုံခြုံရေး အစောင့်တစ်ဦး ဖြစ်သူ ရောဘတ် နာဘာဘမ်းဟာ ပြီးခဲ့တဲ့ စနေနေ့က ဆူမတြား က စားအုန်းဆီခြံတခြံထဲမှာ ဒီမြွေကြီးကိုမမျှော်လင့်ဘဲ ရင်ဆိုင်တွေ့ခဲ့ရတာပါ။

နာဘာဘမ်းဟာ ၇. ၈ မီတာ (၂၆ ပေ) လောက်ရှည်တဲ့ ဒီမြွေကြီးကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ သတင်းတွေမှာပြောထားပါတယ်။

အဲ့ဒီနောက်မှာတော့ ကြီးမားလှတဲ့မြွေကြီးက သူ့ကိုတိုက်ခိုက်လာခဲ့ပြီး သူနဲ့မြွေကြီးဟာ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ရွာသားအချို့ရဲ့အကူညီနဲ့ အဲ့ဒီမြွေကြီးကို သတ်နိုင်ခဲ့ပါတယ်။

မစ္စတာ နာဘာဘမ်းဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့ပေမဲ့ ရှင်သန်ကျန်ရစ်ခဲ့ပါတယ်။

စပါးအုံးမြွေကြီးကတော့ သူ့လို ကံမကောင်းခဲ့ဘဲ သူ့ကို အပိုင်းပိုင်းခုတ် ကင်ပြီး မစားခင် သူ့ရဲ့ခန္ဓာကိုယ်ကို ရွာထဲမှာ ပြသထားခံခဲ့ရပါတယ်။

 ကြီးမားလှတဲ့စပါးအုံး မြွေကြီးတွေဟာ အင်ဒိုနီးရှားမှာ အမြဲမြင်တွေ့နေရ
မစ္စတာနာဘာဘမ်းဟာ အင်ဒိုနီးရှား သတင်းဌာနတစ်ခုကို " သူ့ကိုဖမ်းဖို့ကြိုးစားတဲ့အခါ ကျွန်တော်ရဲ့ လက်တွေကို ပြန်ကိုက်ခဲ့ပါတယ်။ သူနဲ့ နပမ်းလုံးနိုင်ဖို့ ကြိုးစားခဲ့ရတယ် " လို့ ကြီးမားလှတဲ့ မြွေကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွေ့အကြုံကို ပြန်လည်ပြောဆိုခဲ့ပါတယ်။

မတ်လတုန်းကလည်း အင်ဒိုနီးရှားက ဒေသခံတစ်ဦးဟာ အခုလိုပဲ ကြီးမားလှတဲ့ မြွေကြီးတစ်ကောင် နဲ့ တွေ့ဆုံခဲ့ပေမဲ့ သူ့ရဲ့အဖြစ်ဟာ နာဘာဘမ်းနဲ့ ဆန့်ကျင်စွာပဲ မြွေကြီးရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဧရာမ စပါးအုံးမြွေကြီး ရှုံးနိမ့်သွားပြီးနောက် စားသောက်ခံရ ဧရာမ စပါးအုံးမြွေကြီး ရှုံးနိမ့်သွားပြီးနောက် စားသောက်ခံရ Reviewed by THITHTOOLWIN on 17:20 Rating: 5
Powered by Blogger.