ပုဇွန်တောင်မြို့နယ်ရှိ ကြေးမုံသတင်းစာတိုက်တွင် ငွေကိုင်တာဝန်ခံမှ အလွဲသုံးစားပြုရန် ရည်ရွယ်၍ မီးရှို့ခဲ့မှုဖြစ်ပွား


ရန်ကုန်၊ အောက်တိုဘာ ၃၁

ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် (၅၂)လမ်းထောင့်၊ အမှတ် (၇၇)ရှိ ကြေးမုံ သတင်းစာတိုက် မန်နေဂျာရုံးခန်းတွင် မီးလန့်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်မှာ ငွေအလွဲသုံးစားပြုရန် ရည်ရွယ်၍ မီးရှို့ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၁၈း၀၀ အချိန်ခန့်က ပုဇွန်တောင်မြို့နယ်ရှိကြေးမုံသတင်း စာတိုက် မန်နေဂျာရုံးခန်းတွင် မီးခံသေတ္တာမှာပွင့်လျက် အတွင်းရှိ ပီနံအိတ်ဖြင့်ထည့်ထားသည့် နေ့စဉ်ဝင် ငွေများမီးလောင်ကျွမ်းနေသည်ကိုတွေ့ရသဖြင့် မီးအားဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ပုဇွန်တောင်မြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ပုဇွန်တောင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မီးခံသေတ္တာသော့မှာ ငွေကိုင်တာဝန်ခံဒေါ်ဖြူဖြူဝင်း (၅၉)နှစ်၊ တစ်ဦးတည်းသာ ကိုင်ဆောင်ထားကြောင်း ၊ မီးခံသေတ္တာအတွင်းတွင် ငွေ(၈၅၈၅၇၅၃၀)ကျပ် သိမ်းဆည်းထားကြောင်း၊ မီးလောင်ကျွမ်းထားသည့် ပီနံအိတ်အားစစ်ဆေးရာ သတင်းစာစက္ကူအဟောင်းများ၊ ငွေစက္ကူပုံသဏ္ဍန် ပြုလုပ်၍ သားရေကွင်းစီးထားသော သတင်းစာစက္ကူဖြတ်စများ၊ တစ်ဝက်တစ်ပြတ် မီးလောင်ကျွမ်းနေသည့် (၅၀၀)ကျပ်တန် ငွေစက္ကူအဟောင်း (၁၀)အုပ်ခန့်၊ အခန်းအတွင်း ဓာတ်ဆီလောင်း၍ မီးရှို့ရာတွင် အသုံးပြုသော ဓာတ်ဆီများထည့်ထားသည့် ပလတ်စတစ်ဘူးအားတွေ့ရှိရသည့်အပြင် ငွေကိုင်တာဝန်ခံ ဒေါ်ဖြူဖြူဝင်း၏ အခန်းအတွင်းမှ (၅၀၀)ကျပ်တန် ငွေစက္ကူ(၆)အုပ်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရရှိခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖြစ်စဉ်အပေါ် အမှုမှန်ဖော်ထုတ်ရရှိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ မီးလန့်မှုမှာ ၀ါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခြင်းမဟုတ်ဘဲ ငွေကိုင်တာဝန်ခံမှ ၎င်းထံအပ်နှံထားသည့် ငွေများကို အလွဲသုံးစားပြုရန် ရည်ရွယ်၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိသည်။

အဆိုပါအမှုကို ပုဇွန်တောင်မြို့မရဲစခန်း(ပ) ၂၆၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉/၄၃၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice
ပုဇွန်တောင်မြို့နယ်ရှိ ကြေးမုံသတင်းစာတိုက်တွင် ငွေကိုင်တာဝန်ခံမှ အလွဲသုံးစားပြုရန် ရည်ရွယ်၍ မီးရှို့ခဲ့မှုဖြစ်ပွား ပုဇွန်တောင်မြို့နယ်ရှိ ကြေးမုံသတင်းစာတိုက်တွင် ငွေကိုင်တာဝန်ခံမှ အလွဲသုံးစားပြုရန် ရည်ရွယ်၍ မီးရှို့ခဲ့မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.