ရှမ်းပြည်နယ် လွှတ်တော်ရုံး အကြီးတန်းစာရေးကို အငယ်တန်းစာရေးက အကြွေးငွေ ၁၄ သိန်း မပေးနိုင်သဖြင့် လူသတ်မှုဖြစ်ပွား


တောင်ကြီး ၊ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ် လွှတ်တော်ရုံးအကြီးတန်းစာရေး ကို အငယ်တန်းစာရေးက အကြွေးငွေ ၁၄ သိန်း မပေးနိုင်တဲ့အတွက် လူသတ်မှုတစ်ခု တောင်ကြီးမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်ရုံးမှ အငယ်တန်းစာရေးက အကြီးတန်းစာရေးကို တောင်ကြီးမြို့ ၊ ရွှေဘုန်းပွင့်ဘုရား အတက်လမ်း ဆေးတက္ကသိုလ်အနီးမှာ ဓားနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့ပြီး အလောင်းကို ဆေးတက္ကသိုလ်ဝန်ထမ်း ဦးချမ်းငြိမ်း ဆိုသူ က အောက်တိုဘာ ၁၂ ရက်နေ ည၇၃၀ အချိန့်မှာ စတင်တွေ့ရှိခဲ့ရာ ရဲတပ်ဖွဲ့ဝင်တွေကို ဖုန်းနဲ့အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ဝင်တွေ သွားရောက် စစ်ဆေးခဲ့တဲ့အချိန်မှာ အခင်းဖြစ်ပွားခဲ့တဲ့နေရာအနီးမှာ ဆိုင်ကယ် တစ်စီးနဲ့ အမျိုးသားအလောင်းတစ်လောင်းကို မှောက်လျက်အနေအထားနဲ့ ယာပါးတွင် ထိုးသွင်းဒဏ်ရာ (၁) ချက်၊ ယာနားထင် ထိုးသွင်း ဒဏ်ရာ (၁) ချက် ၊ နောက်ကျော ထိုးသွင်းဒဏ်ရာ (၆)ချက်နဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့တာဖြစ်ပြီး အလောင်းဟာ လူပျောက်မှုနဲ့တိုင်ကြားထားတဲ့ လွှတ်တော်ရုံးမှ အကြီးတန်းစာရေး ဦးစိုးမင်းအောင် ၂၈ နှစ် ဆိုသူဖြစ်နေတာကို စုံစမ်းစစ်ဆေးမိခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

လူပျောက်မှုနဲ့ တိုင်ကြားခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့မတိုင်မီ ဦးစိုးမင်းအောင် ၂၈ နှစ် နောက်ဆုံးသွားခဲ့တဲ့ နေရာတွေကို ရဲတပ်ဖွဲ့ဝင်တွေ ဆက်လက်စုံစမ်းစစ်ဆေးရာ တစ်ရုံးထည်း အတူ အလုပ်လုပ်ကိုင်နေတဲ့ အငယ်တန်းစာရေး အသက် ၂၆ နှစ် ဦးညီညီထွန်းဆိုသူ နဲ့တွေ့ဆုံခဲ့တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ မင်္သကာဖွယ် တရားခံ ဦးညီညီထွန်း ၂၆ နှစ် ရှမ်းပြည်နယ်လွှတ်တော်ရုံး ၀န်ထမ်း ၊ အငယ်တန်းစာရေး နေထိုင်တဲ့ စ၀်စံထွန်း ရပ်ကွက် ရှိ နေအိမ်မှာ အလောင်းတွေ့ရှိခဲ့တဲ့ အောက်တိုဘာ ၁၂ ရက် ည၁၀၀၀နာရီမှာ ပဲ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။
" သူ့ကို စစ်ဆေးတော့ သူသတ်မိတယ်ဆိုတာဝန်ခံတယ်၊ သေဆုံးသွားတဲ့သူကို ငွေ၁၄ သိန်း အကြွေးပေးစရာရှိတာကို မပေးနိုင်တဲ့အတွက် လူသတ်မိတယ်လို့ ကနဦးဝန်ခံထားတယ် " လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ ရှမ်းပြည်နယ်လွှတ်တော်ရုံး ၀န်ထမ်း ၊ အငယ်တန်းစာရေး ဦးညီညီထွန်း ဟာ ပြစ်မှုကျူးလွန်စဉ်မှာ အသုံးပြုခဲ့တဲ့ ဓါးနဲ့ သေဆုံးသူရဲ့လက်ကိုင်ဖုန်းကိုလည်း ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်မှာ စွန့်ပစ် ဖျောက်ဖျက်ခဲ့တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့ ရှမ်းပြည်နယ်လွှတ်တော်ရုံး ၀န်ထမ်း ၊ အငယ်တန်းစာရေး ဦးညီညီထွန်း အသက် (၂၆) နှစ်ကို တောင်ကြီးမြို့မရဲစခန်းကနေ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိပါတယ်။

သတင်း - ခွန်ဆာ ၊ ဓာတ်ပုံ - ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
ရှမ်းပြည်နယ် လွှတ်တော်ရုံး အကြီးတန်းစာရေးကို အငယ်တန်းစာရေးက အကြွေးငွေ ၁၄ သိန်း မပေးနိုင်သဖြင့် လူသတ်မှုဖြစ်ပွား ရှမ်းပြည်နယ် လွှတ်တော်ရုံး အကြီးတန်းစာရေးကို အငယ်တန်းစာရေးက အကြွေးငွေ ၁၄ သိန်း မပေးနိုင်သဖြင့် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:44 Rating: 5
Powered by Blogger.