![]() |
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တွေအပေါ် ထောက်ခံပွဲကို မန္တလေးမြို့မနော်ရမ္မံ လူထုဟစ်တိုင် ကွင်းမှာ အောက်တိုဘာလ ၇ ရက်နေ့က ကျင်းပစဉ်။ Photo: Ko Myo Naing |
မန္တလေးမြို့သူမြို့သားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေအားလုံးကို ယုံကြည်ပြီး သူနဲ့အတူ ရပ်တည်နေတယ်ဆိုတာကို ပြသတဲ့ပွဲဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးနိုင်က ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် လက်ရှိလုပ်နေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေအားလုံးပေါ်မှာ ပြည်သူလူထုကလည်း ယုံယုံကြည်ကြည်ရှိတယ်၊ နောက် နိုင်ငံတကာရဲ့ ပေးနေတဲ့ ဖိအားတွေပေါ်မှာလည်း ပြည်သူလူထုက ဒေါ်စု ဘက်ကနေ တစ်သားတည်းရပ်နေတယ်၊ ပြည်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်သားတည်းရှိနေတယ် ဆိုတဲ့ဟာ အဓိကကျပါတယ်၊ အဲဒီပေါ်မှာ မန္တလေးသူ မန္တလေးသားတွေက ပြည်သူဆိုတာလည်းအကုန်လုံး ဒီမှာတိုင်းရင်သားတွေပါတယ်၊ စာပေအနုပညာရှင်တွေပါတယ်၊ လူမှုကူညီရေး အသင်းတွေ၊ ကျောင်းသား လူငယ်တွေ အကုန်လုံးက၀ိုင်းပြီးတော့ ဒေါ်စုနောက်က အားတစ်ခုအနေနဲ့ ရပ်တဲ့ပွဲပေါ့"
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ဒီနေ့ ညနေ ၄ နာရီမှာ စတင်ခဲ့တာဖြစ်ပြီး ကဗျာဆရာ ထွဏ်းသွေးအိမ်၊ ဇော်ခိုင်ဦး၊ ဦးချစ်စရာတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အမှတ်တရ အကြောင်းအရာတွေကို ဟောပြောခဲ့ကြပြီး တက်ရောက်လာသူတွေကို စိန်ဒူးဝါး ဆိုင်းဝိုင်းနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။
ထောက်ခံပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့ တက်ရောက် ခဲ့ကြပြီး၊ မန္တလေးမြို့က ဒေသခံတွေအပြင်၊ ကျောက်ဆည်၊ ပြင်ဦးလွင် စတဲ့ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ မြို့တွေ ကလည်း ဒေသခံတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ ထောက်ခံပွဲကို မကွေးမြို့မှာလည်း ဒီနေ့ တပြိုင်တည်း ကျင်းပခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။
မန္တလေးမှာ အခုလာမယ့် ၁၀ ရက်နေ့ကစပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို အောက်တိုဘာလတစ်လလုံး ကျင်းပသွားမယ်လို့လည်း သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံကြိုဆိုပွဲ
Reviewed by THITHTOOLWIN
on
18:35
Rating:
